



ဧပြီ(၈)၊ပန်ဆန်း
ရှမ်းပြည်နယ်အရှေ့ပိုင်း ‘ဝ’ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် (UWSA)ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပန်ဆန်းမြို့၊ယောင်းပန်းကျေးရွာမှာ ယမ်းချက်စက်ရုံပေါက်ကွဲမှုဖြစ်ပွားပြီး လူ(၁၀၀)ကျော်် ထိခိုက်သေဆုံးမှုရှိနေတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။
မနေ့က ဧပြီလ(၇)ရက် ညနေ(၄)နာရီဝန်းကျင်အချိန်မှာ တရုတ်နိုင်ငံသားတွေဦးဆောင်နေတဲ့ ယမ်းချက်စက်ရုံပေါက်ကွဲခဲ့တာဖြစ်ပြီး သေဆုံးသူတွေလည်းအများအပြားရှိနေရာ စာရင်းအတိအကျ မသိရသေးကြောင်း ဆိုထားပါတယ်။
‘ဝ’သတင်းတွေမှာတော့ လူပေါင်း(၆၀)ဝန်းကျင်သာ ထိခိုက်ထားတယ်လို့လည်း ထုတ်ပြန်ပြောဆိုထားမှုတွေရှိနေပြီး ကူညီကယ်ဆယ်မှုများပြုလုပ်နေဆဲလို့ သိရပါတယ်။
ဒီနေ့မနက်ပိုင်းမှာ ပျံ့နှံ့လာတဲ့ မှတ်တမ်းရုပ်သံတွေမှာတော့ ပေါက်ကွဲမှုကြောင့် အဆောက်အဦးပျက်စီးမှုတွေနဲ့ မီးလောင်ကျွမ်းနေဆဲများလည်းရှိနေသလို စက်ယန္တရားများ ကူညီကယ်ဆယ်ရေးပြုလုပ်နေမှုများလည်းရှိနေပါတယ်။
စက်ရုံအနီးမှာ စက်သုံးဆီဆိုင်လည်းရှိနေသလို ပေါက်ကွဲမှုကနေတစ်ဆင့် ဆီတွေမီးလောင်ပြီး ဆက်တိုက်ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် အထိအခိုက်များနဲ့ သေဆုံးမှုများ များပြားခဲ့တာလို့ သိရပါတယ်။
ဒေသတွင်းသတင်းတွေမှာတော့ စက်ရုံဦးဆောင်သူတရုတ်နိုင်ငံသားကို UWSA က ဖမ်းဆီးထားကာ စစ်ဆေးမှုတွေပြုလုပ်နေပြီး ဒီယမ်းရုံက သတ္တုမိုင်းခွဲရန်အတွက် ယမ်းတွေထုတ်လုပ်နေတာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
