
မေ ၂၂ ၊ ဝါရှင်တန်
ကျူးဘားနိုင်ငံဟာ အမေရိကန်အတွက် အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုတို့ဟာ ကျူးဘားအပေါ် စစ်ရေးအရ အရေးယူမယ်လို့ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
ကြာသပတေးနေ့နှောင်းပိုင်းမှာ ရူဘီယိုက သတင်းထောက်တွေကို ပြောဆိုရာမှာ ကျူးဘားနိုင်ငံဟာ အမေရိကန်ရဲ့ ရန်သူဖြစ်တဲ့ ရုရှား၊ တရုတ်တို့နဲ့ ဆက်ဆံရေးကြောင့် နှစ်ပေါင်းများစွာ အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုတစ်ခု ဖြစ်ခဲ့ကြောင်းဆိုပါတယ်။
အမေရိကန်နိုင်ငံဟာ ကျူးဘားရဲ့ သမ္မတဟောင်း ရာအူးလ်ကက်စထရိုကို တရားစွဲဆိုပြီး ကာရစ်ဘီယံမှာ စစ်အင်အားများ စုစည်းခြင်းဖြင့် မကြာသေးမီရက်များအတွင်း တွန်းအားပေးမှုတွေဟာ အရှိန်မြင့်တက်လာခဲ့ပါတယ်။
အမေရိကန်ဟာ ကျူးဘားရဲ့ သမ္မတဟောင်း ရာအူးလ် ကက်စထရိုကို ဗုဒ္ဓဟူးနေ့မှာ ၁၉၉၆ ခုနှစ် လေယာဉ်တစ်စင်း ပစ်ချခံရမှုနဲ့ ဆက်စပ်ပြီးတော့ တရားစွဲဆိုခဲ့တာပါ။
ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနို ရိုဒရီဂွက်ဇ်က ကျူးဘားကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် မှားယွင်းစွာ တံဆိပ်ကပ်ခြင်းအတွက် ရူဘီယိုကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
“အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ ကျူးဘားနဲ့ အမေရိကန်တွေရဲ့ သွေးထွက်သံယိုမှုကို ဖြစ်ပေါ်စေမယ့် စစ်ရေးကျူးကျော်မှုကို ထပ်မံလှုံ့ဆော်ဖို့ လိမ်ညာနေပါတယ်” ဟု ရိုဒရီဂွက်ဇ်ကပြောပါတယ်။
ရာထူးပြန်ယူပြီးနောက် ထရမ့်ဟာ ကျူးဘားကို ဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ထားပြီး ကျူးဘားနိုင်ငံအတွင်း လောင်စာဆီပြတ်တောက်မှုတွေ ဆိုးဆိုးရွားရွားဖြစ်ပေါ်စေခဲ့ပါတယ်။
ကျူးဘားနိုင်ငံရေး ပြုပြင်ပြောင်းလဲရေးအတွက် ဒေါ်လာ ၁၀၀ သန်း အကူအညီပေးရေး ကမ်းလှမ်းချက်ကို အစောပိုင်းက ယာယီလက်ခံခဲ့ကြောင်း ရူဘီယိုက မှတ်ချက်ပြုခဲ့ပါတယ်။
ကြာသပတေးနေ့မှာပဲ ကျူးဘားစစ်တပ်ရဲ့ စီးပွားရေး အစိတ်အပိုင်းများစွာကို ထိန်းချုပ်ထားတဲ့ ဂါအေးဆား ကော်ပိုရေးရှင်းရဲ့ အဆင့်မြင့်အမှုဆောင်အရာရှိတစ်ဦး ညီမဖြစ်သူ Adys Lastres Morera ကို အမေရိကန်က ဖမ်းဆီးခဲ့ပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်အတွင်း ကျူးဘားအစိုးရအပေါ် ပိတ်ဆို့မှုတွေကို ပိုမိုပြုလုပ်လာတာလည်းဖြစ်ပါတယ်။
တရုတ်နိုင်ငံကဒီနေ့မှာပဲ ကျူးဘားကို “ခိုင်မာစွာ ထောက်ခံ” ကြောင်း ပြောကြားခဲ့ပြီး အမေရိကန်အနေနဲ့ တင်းမာမှုများ လျှော့ချဖို့နဲ့ “အင်အားသုံးခြိမ်းခြောက်မှုများကို ရပ်တန့်ရန်” တိုက်တွန်းခဲ့ပါတယ်။
