NUG ရဲ့ဝန်ကြီး (၇) ဦးတို့ လူချင်းတွေ့ဆုံပြီး မဟာဗျူဟာမြောက် လုပ်ငန်းစဉ်တွေကိုဆွေးနွေး

မေ(၂၂) ၊ ချင်းမိုင်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တို့ဟာ (၅)နှစ်တာအတွင်း ပထဆုံးအကြိမ်အဖြစ်  ဝန်ကြီး (၇) ဦးတို့ လူချင်းတွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့တယ်လို့ NUG ရဲ့မေလ(၂၁)ရက်နေ့ ထုတ်ပြန်မှုအရ သိရပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်း၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး  နိုင်ကောင်းရွက်၊ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဌာန ဝန်ကြီး ဦးလွင်ကိုလတ်၊ လျှပ်စစ် စွမ်းအင်နဲ့ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးစိုးသူရထွန်း၊ ကျန်းမာရေးဝန်ကြီး ဒေါ်ရွှေပုံ၊ ပညာရေးဝန်ကြီး ဂျာထွယ်ပန်တို့နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံကြခဲ့ကြကြောင်း ဆိုပါတယ်။

ဒါ့အပြင် စီမံကိန်း၊ဘဏ္ဍာရေးနဲ့ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးတို့အပြင် ကျန်ဝန်ကြီးတို့လည်း သီးခြားလူချင်းတွေ့ဆုံမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

NUG အစိုးရစတင်ဖွဲ့စည်းခဲ့တဲ့ (၅)နှစ်တာအတွင်းမှာ အွန်လိုင်းကနေသာ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့တာဖြစ်ပြီး ယခုတွေ့ဆုံတဲ့ ဆွေးနွေးမှုအသေးစိတ်များကို ဖော်ပြထားခြင်းမရှိပေမယ့် ဒီနှစ်မှာ အသစ်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို  ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

နောက်ထပ်  ဖက်ဒရယ်ယူနစ်နဲ့ကြားကာလပြည်သူ့အုပ်ချုပ်ရေး၊မဟာဗျူဟာမြောက်စစ်ဆင်ရေးနဲ့  နိုင်ငံတကာဆက်ဆံရေး၊ကျန်းမာရေး ၊ပညာရေးနဲ့ လူသားချင်းစာနာထောက်ထားမှု ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

SCEF အဖွဲ့ဟာ နေပြည်တော်ကို ဦးတည်တဲ့ စစ်ရေးရွေ့လျားမှုအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ (EAOs )ဖြစ်တဲ့ KIA , KNU , CNF, KA အဖွဲ့တို့နဲ့ NUG အစိုးရတို့ ပူးပေါင်းပြီး မဟာမိတ်ကောင်စီအဖြစ် အခုနှစ်မတ်လကုန်ပိုင်းမှာ ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *