
မေ ၂၅ ၊ နယူးဒေလီ
ဦးမင်းအောင်လှိုင်ရဲ့ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားတယ်လို့ အိန္ဒိယသတင်းတွေဖြစ်တဲ့ The Economic Timesက မနေ့က မေလ ၂၅ ရက်နေ့မှာ ဖော်ပြပါတယ်။
မင်းအောင်လှိုင်ဟာ ဧပြီလ ၁၀ ရက်နေ့မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီး ကီရ်တီဗာဒန်ဆင်းက ဝန်ကြီးချုပ် နာရန်ဒရာမိုဒီကိုယ်စား နယူးဒေလီသို့ လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့တာပါ။
စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လုံခြုံရေးအပါအဝင် ကဏ္ဍအမျိုးမျိုးတွင် အိန္ဒိယနဲ့ ထိတွေ့ဆက်ဆံဖို့စိတ်အားထက်သန်နေကြောင်း အိမ်နီးချင်းနိုင်ငံနဲ့ ရင်းနှီးသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
ဦးမင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့နှစ်က ဘင်းစတက်ထိပ်သီးအစည်းအဝေးမှာ အိန္ဒိယ သမ္မတ မိုဒီနဲ့ တွေ့ဆုံခဲ့ပါတယ်။
မေလအစောပိုင်းတွင် အိန္ဒိယရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Dinesh Kumar Tripathi ဟာ လက်ရှိ နှစ်နိုင်ငံလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဖို့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့ကြပါတယ်။
နှစ်နိုင်ငံဟာ ကီလိုမီတာ ၁၆၀၀ ကျော် နယ်နိမိတ်ချင်းထိစပ်နေပြီး လုံခြုံရေးနဲ့ ပုန်ကန်မှုတိုက်ဖျက်ရေးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးက အရေးကြီးကြောင်းထည့်သွင်းပြောဆိုထားပါတယ်။
“ ကျွန်ုပ်တို့၏ အရေးကြီးသော်လည်း လျှော့တွက်ခံရသော အိမ်နီးချင်းနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် အရေးတကြီးအာရုံစိုက်ရန် လိုအပ်ပါသည်” လို့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Harsh V Shringla ကဆိုပါတယ်။
သမ္မတမင်းအောင်လှိုင်ရဲ့ အခုခရီးစဉ်ဟာ အချိန်ကိုက်ဖြစ်ပြီး အထူးသဖြင့် နယ်စပ်ဖြတ်ကျော်စိုးရိမ်မှုများနဲ့ မဏိပူရပြည်နယ်အပါအဝင် အခြားအရှေ့မြောက်ပိုင်းပြည်နယ်များအပေါ် သက်ရောက်မှုတွေ၊ စိတ်ဝင်စားမှုအသစ်တွေကိုဖော်ပြနေတယ်လို့ဆိုပါတယ်။
