အိန္ဒိယခရီးစဉ်မှာ (၅)ရက်ကြာ ဘက်စုံတိုးတက်ရေးဆွေးနွေးမယ်လို့ဆို 

မေ ၂၉ ၊ အိန္ဒိယ 

အိန္ဒိယဝန်ကြီးချုပ်  ရဲ့ဖိတ်ကြားမှုအရ အိန္ဒိယ နိင်ငံကို သွားရောက်မယ့် ဦးမင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်းမှာ စီးပွားရေး၊ ဘာသာရေး ၊ ယဉ်ကျေးမှု နဲ့ လှုမှုရေးဆိုင်ရာ ကဏ္ဍတွေကို ဆွေးနွေးသွားကြမယ်လို့ နှစ်နိုင်ငံလုံးက မနေ့က မေလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ 

အိန္ဒိယနိုင်ငံရဲ့ ခရီးစဉ်ထဲမှာ အပြည်ပြည်ဆိုင်ရာ BIg Cat မဟာမိတ်အဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်ဖို့ စီစဉ်ထားပေမယ့် လတ်တလောမှာ ရွေ့ဆိုင်းထားတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

မေလ ၃၀ ရက်နေ့ မနက်ဖြန်ကနေ ဇွန်လ ၃ ရက်နေ့အထိ ဦးမင်းအောင်လှိုင်ရဲ့ခရီးစဉ်အတွင်းမှာ အိန္ဒိယနိုင်ငံန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ နဲ့ တွေ့ဆုံတဲ့အစီအစဉ်တွေရှိမယ်လို့ သိရပါတယ်။ 

မြန်မာနိုင်ငံဘက်ကနေ အစိုးရအဖွဲ့ဝန်ကြီး ၊ အကြီးတန်းအရာရှိတွေနဲ့ စီးပွားရေးအဖွဲ့အစည်း၊ လုပ်ငန်းရှင်တွေပါဝင်သွားမှာဖြစ်ပါတယ်။ 

ဇွန်လ ၁ ရက်နေ့မှာ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီနှင့် ဆွေးနွေးသွားမှာဖြစ်ပြီး စီးပွားရေးဖိုရမ်တစ်ခုကိုလည်း တက်ရောက်မှာဖြစ်သလို ဇွန်လ ၂ ရက်နေ့မှာ  မွန်ဘိုင်းသို့ စီးပွားရေးနဲ့ စက်မှုလုပ်ငန်း အပြန်အလှန်ဆက်ဆံမှု၊ ကွင်းဆင်းလေ့လာရေးခရီးစဉ်များအတွက်လည်း သွားရောက်မယ်လို့ဆိုပါတယ်။ 

အိန္ဒိယနိုင်ငံသို့ ဦးမင်းအောင်လှိုင်သွားရောက်မယ့် တရားဝင်ခရီးစဉ်ကို NUG နိုင်ငံခြားရေးဝန်ကြီးဌာနက စိုးရိမ်ကြောင်းနဲ့ တရားဝင်မှုပေးသလိုဖြစ်စေမယ့်ထိတွေ့ဆက်ဆံမှုမျိုးတွေကို သေချာစဉ်းစားချင့်ချိန်ဖို့ တိုက်တွန်းပြောဆိုထားပါတယ်။ 

စစ်ကော်မရှင်မှ  သမ္မတ  အဖြစ်တာဝန်ယူလိုက်တဲ့ ဦးမင်းအောင်လှိုင်ဟာ  သူ့ရဲ့ လက်ရှိရာထူးနဲ့  အိန္ဒိယနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခြင်းလည်းဖြစ်တယ်လို့ အိန္ဒိယက ပြောပါတယ်။ 

မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ အိမ်နီးချင်းဦးစားပေးမူဝါဒ၊ အရှေ့တိုင်းအရေးဆောင်ရွက်ချက်နဲ့ မဟာဆာဂါမူဝါဒများ ဆုံရာနေရာတွင် တည်ရှိပြီး အခုခရီးစဉ်ဟာလည်း   နှစ်နိုင်ငံအကြား ဘက်စုံဆက်ဆံရေးကို ပိုမိုခိုင်မာနက်ရှိုင်းစေဖို့ မျှော်လင့်ရတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *