
ဇွန် ၂၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်အတွင်း ကတူးစာပေသင်ကြားရေးမှာ ခြိမ်းခြောက်ခံရမှုတွေကြောင့် ယာယီရပ်နားလိုက်ပြီဖြစ်တယ်လို့ မေလကုန်မှာ ကြေညာလာပါတယ်။
ကတူးစာပေကိုသင်ကြားပေးနေတဲ့ ဆရာတော်များနဲ့ ဦးဆောင်သူများ ခြိမ်းခြောက်ခံရမှုတွေကြောင့် သင်ကြားရေးကို ယာယီရပ်နားလိုက်တယ်လို့ ကတူးအမျိုးသားအဖွဲ့၊ ကတူးစာပေပေါ်ပေါက်ရေးကော်မတီက မေလ ၃၁ ရက်နေ့က ထုတ်ပြန်လာပါတယ်။
ကတူးစာပေဆက်လက်သင်ကြားပါက အရေးယူမယ်လို့ ကတူးလက်နက်ကိုင် အဖွဲ့အစည်းမှ ဦးမျိုးသိန်းဦးဆိုသူဟာ မေလ ၂၂ ရက်နေ့က ခြိမ်းခြောက် ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲပါရှိပါတယ်။
အဲဒီထုတ်ပြန်ချက်ထဲမှာတော့ ဦးမျိုးသိန်းဆိုသူရဲ့ အဖွဲ့အစည်းနာမည်ကိုတော့ အတိအကျဖော်ပြထားခြင်းမရှိပါဘူး။
နေရပ်သို့ပြန်လိုသည့် စစ်ရှောင်ဒေသခံတွေ လမ်းခရီးမှာ အန္တရာယ်ကင်းစေဖို့အတွက် နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့တွေကို မေတ္တာရပ်ခံမှုပြုလုပ်ခဲ့တဲ့ ကတူးဆရာတော်ရဟန်းများအဖွဲ့ကိုလည်း ၎င်းက အပြစ်တင်ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
အလားတူ ကတူးစာပေဦးဆောင်သူများကိုလည်း သူလျှို၊ ဒလန်တွေဟု စွပ်စွဲပြောဆိုခဲ့တယ်လို့ ဆိုထားပါတယ်။
ဒါကြောင့် သင်ကြားရေးကို ထိခိုက်နစ်နာမှုမရှိစေရန် ယာယီရပ်ဆိုင်းလိုက်တာဖြစ်တယ်လို သိရပါတယ်။
လူနည်းစုဖြစ်တဲ့ ကတူးတိုင်းရင်းသားတို့ရဲ့ ယဉ်ကျေးမှုမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေပြီး ကတူးစာပေသင်ကြားပေးနေတဲ့ ဒေသတွင်း စစ်ဘေးရှောင်ကတူးဆရာတော်များမှာလည်း လုံခြုံရေးအရစိုးရိမ်ရတဲ့အခြေအနေများနဲ့ ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။
ဗန်းမောက်မြို့နယ်အတွင်းမှာ ရှမ်းနီတိုင်းရင်းသား ၇၀ ရာခိုင်နှုန်းရှိပြီး ကတူးတိုင်းရင်းသား ၁၄ ရာခိုင်နှုန်းနဲ့ ကနန်းတိုင်းရင်းသား ၁၂ ရာခိုင်နှုန်းနေထိုင်ကြတယ်လို့ အထွေထွေအုပ်ချုပ်ရေးဌာနရဲ့ အချက်အလက်အရသိရပါတယ်။
