ဥရုမြစ်ရေမြင့်တက်မှုကြောင့် ဟုမ္မလင်းမြို့နယ်အတွင်း  ကျေးရွာအချို့ ရေမြှုပ်

 ဇွန် ၂၂ ၊ ဟုမ္မလင်း 

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း ဥရုမြစ်ရေရေ မြင့်တက်လာမှုကြောင့် မြစ်ကမ်းဘေးရှိ ကျေးရွာအချို့တွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရပါတယ်။

ဥရုမြစ်ရေကြီးလာမှုကြောင့် ကျေးရွာချင်းဆက်လမ်းများနဲ့ မြေနိမ့်ပိုင်းရှိ နေအိမ်အချို့ ရေနစ်မြုပ်လျက်ရှိပြီး ဒေသခံများအနေဖြင့် နေအိမ်အတွင်းရှိ ပစ္စည်းများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြစ်ကမ်းဘေးကျေးရွာများရှိ ဒေသခံများမှာ ရေထပ်မံမြင့်တက်လာမှာကို စိုးရိမ်နေကြပြီး ကျွဲ၊ နွားနဲ့ အခြားမွေးမြူရေးတိရစ္ဆာန်များကိုလည်း ကုန်းမြင့်ပိုင်းဒေသများသို့ ကြိုတင်ရွှေ့ပြောင်းထားတယ်လို့ သိရပါတယ်။

“မြစ်ရေက သောကြောနေ့ကတည်းက စပြီးတက်လာတာ အခုထိ မကျသေးဘူး။ ရေက ဆက်တက်နေတုန်းပဲ။ မိုးကလည်း ဆက်တိုက်ရွာနေတော့ ရေထပ်တက်ဖို့ပဲ ရှိသေးတယ်” ဟု ဒေသခံတစ်ဦးက ပြောပြပါတယ်။

လက်ရှိတွင် ဥရုမြစ်ကမ်းဘေးရှိ မြေနိမ့်ကျေးရွာများဖြစ်တဲ့ နောင်ပါ၊ နောင်ခမ်း၊ နောင်ခဲ၊ တုမ်ခမ်၊ နောင်တော၊ မာလုံ၊ နမ့်စကား၊ ပေါက်ပင်၊ နောင်ပိုအောင်စံပြ၊ သဖန်းကုန်းနှင့် အောက်ဟဲခမ်း ကျေးရွာများတွင် နေအိမ်များနဲ့ လမ်းပိုင်းအချို့ ရေနစ်မြုပ်နေတယ်လို့သိရပါတယ်။

မနေ့က ဇွန်(၂၁)ရက်နေ့မှာတော့ ကချင်ပြည်နယ်က ဖားကန့်မြို့နဲ့  မြို့နယ်အတွင်းက ကျေးရွာအများအပြားမှာ ဥရုချောင်းရေကြီးရေလျှံမှုကြောင့် ကယ်ဆယ်ရေးတွေပြုလုပ်ခဲ့ရပြီး ဒီနေ့မနက်ပိုင်းမှာတော့ ချောင်ရေလျော့ကျခဲ့ကြောင်း ဒေသခံများထံမှသိရပါတယ်။

ဥရုမြစ်ရေမြင့်တက်မှုကြောင့် ၂၀၂၅ ခုနှစ်အတွင်း ဥရုဘေးတစ်လျှောက်ကျေးရွာတွေမှာ  (၃) ကြိမ်ခန့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ယခု ၂၀၂၆ ခုနှစ်အတွင်း ပထမဆုံးအကြိမ် ရေကြီးရေလျှံမှု ဖြစ်ပွားခြင်းလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *