
စက်တင်ဘာ(၁၀) ၊ မိုးညှင်း
ကချင်ပြည်နယ်၊ မိုးညှင်းမြို့ပေါ်ရပ်ကွက်တွေရှိ အိမ်ခြံမြေစျေးနှုန်းတွေဟာ (၂၀၂၄) ခုနှစ်နှောင်းပိုင်း ကနေစပြီး ကျပ်သိန်းထောင်ချီအထိ ပေါက်စျေးရှိလာနေတယ်လို့ မြို့ပေါ်ဒေသခံများထံမှ သိရပါတယ်။
(၂၀၂၀) ခုနှစ်ပိုင်းက အမြင့်ဆုံးမြေစျေး ကျပ်သိန်းတစ်ထောင်နီးပါးခန့်သာ ရှိခဲ့ပေမယ့် အခုကာလမှာတော့ အနိမ့်ဆုံးစျေးနှုန်း ကျပ်သိန်းတစ်ထောင်ကျော် ကနေ အမြင့်ဆုံး ကျပ်သိန်း (၇)ထောင်နီးပါးအထိ ရှိနေပါတယ်။
“ မိုးညှင်းမြေစျေးကလေ ရန်ကုန်၊မန္တလေးထက်ကို စျေးကြီးသေးတယ် ၊ မြို့ကြီးလည်းမဟုတ်ဘဲနဲ့ လေ၊ အစွန်အဖျားက အိမ်ပါတဲ့စျေးတွေဆို တစ်ထောင်ကျော်ကနေစရှိတာပေါ့ ၊ ဒါပေမယ့်လည်း တစ်ထောင်ကျော်ဆို ထရံအိမ်မကောင်းမကန်းလေးတွေဆိုတော့ သိပ်တော့အဆင်မပြေဘူး၊ ဟိုပင်မြို့အထွက်ဘက် ဆို (၄၀၀)ကျော်ကနေ စရှိတယ်” အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူ မိုးညှင်းမြို့နေ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။
အောင်သပြေရပ်ကွက်၊ စိမ်းရတနာမွန် (မြောက်)ရပ်ကွက် ၊အရှေ့စုရပ်ကွက် စတဲ့ လမ်းမကြီးအနီးနဲ့ အချက်အချာကျတဲ့ ရပ်ကွက်တွေမှာ နေအိမ်ပါရှိတဲ့မြေစျေးဟာ ကျပ်သိန်း (၄)ထောင်ခန့်ကနေ အမြင့်ဆုံးစျေးနှုန်း ကျပ်သိန်း (၆၅၀၀) အထိ ရောင်းချမှုရှိကြောင်း သိရပါတယ်။
မြို့ပေါ်ရပ်ကွက်တွေမဟုတ်ဘဲ မြို့အစွန်ဘက် ရပ်ကွက်တွေအတွင်းမှာလည်း အနိမ့်ဆုံးစျေး ကျပ်သိန်း (၄) ရာခန့်ကနေ ပေါက်စျေးရှိနေတယ်လို့ ဆိုကြပါတယ်။
“ GTC ကျောင်းဘက် ဟိုးအနောက်ဘက်ကနေရာတွေမှာဆို အရင်နှစ်က နှစ်ရာလောက်ပဲရှိတယ်၊ အခုဆို မရတော့ဘူး ဝင်းတွေက ကောင်းရင်ကောင်းသလို လေးရာ ၊ငါးရာတွေကြီးပဲ၊ မြေကွက်ရိုက်ထားတဲ့ဟာတွေလေ ” လို့ မြို့ပေါ်နေထိုင်သူတစ်ဦးက ဆိုပါတယ်။
မိုးညှင်းမြို့သာမက မြို့အနီးရှိကျေးရွာတွေမှာလည်း မြေစျေးသိသိသာသာမြင့်တက်လာကြောင်း သိရပါတယ်။
တိုက်ပွဲနဲ့ နယ်မြေမတည်ငြိမ်မှုတွေဖြစ်ပွားနေတဲ့ ဖားကန့်၊ ဗန်းမော်၊ အင်းတော်ကြီးဒေသ၊ စစ်ကိုင်းတိုင်းက ကသာ ၊ အင်းတော် စတဲ့မြို့နယ်တွေရှိ ဒေသခံတွေဟာ မိုးညှင်းမြို့နယ်သို့ ရွေ့ပြောင်းနေထိုင်လာကြပြီး လူဦးရေက ယခင်ကထက် သိသိသာသာများလာတာလည်းဖြစ်ပါတယ်။
