
စက်တင်ဘာလ (၉ )၊ ထီးချိုင့်
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းစံပြကျေးရွာအနီးကို စစ်သင်္ဘော (၃) စီး စက်တင်ဘာ (၈) ရက်နေ့မှာ ရောက်ရှိလာခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ ဗန်းမော်မြို့ဘက်ကို ဒုတိယအကြိမ်အဖြစ် စက်တင်ဘာလ (၅) ရက်နေ့မှာ စစ်သင်္ဘော (၃၀) နီးပါး ဆန်တက်လာခဲ့ကြောင်း ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
“ မနေ့က ညနေပိုင်းမှာ စစ်သင်္ဘော (၃) စီး မောင်းကုန်းဘက်ကို ရောက်လာတယ်။ နီကယ်စက်ရုံမှာ လုံခြုံရေးပေးထားတဲ့ ရဲတွေကို ခေါ်ပြီး ခဏချင်း ပြန်ဆန်တက်သွားတယ်” လို့ မောင်းကုန်းကျေးရွာမှာ နေထိုင်တဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်အထိ နောက်ကနေလိုက်ပါလာတဲ့ စစ်သင်္ဘောများ ရောက်ရှိလာခြင်းမရှိသေးကြောင်း သိရပါတယ်။
KIA+PDF တပ်ဖွဲ့များက စစ်ရေယာဉ်တွေကို ဟန့်တားနိုင်ဖို့အတွက် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်မှာ ခံစစ်ပြင်ဆင်မှုများ ပြုလုပ်နေကြပြီး ကင်းထောက်ဒရုန်းများနဲ့လည်း စောင့်ကြည့်နေကြတာဖြစ်ပါတယ်။
“ ဒီတစ်ခါတော့ ပိုစိုးရိမ်ရတယ်။ ဒရုန်းတွေကလည်း အချိန်တိုင်းလိုလို ပတ်နေတယ်။ နေရတာ အဆင်မပြေဘူး။ Drop ဗုံးတွေ လာချမှာကိုလည်း စိုးရိမ်နေရတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
နောက်ဆုံး စုံစမ်းသိရှိရတဲ့ အခြေအနေအရ စစ်သင်္ဘောများ အားလုံး မရောက်ရှိလာသေးဘူးလို့ သိရပါတယ်။
ဒါ့အပြင် နီကယ်စက်ရုံအတွင်းရှိ သတ္တုများကို သယ်ယူပို့ဆောင်ရန်အတွက် စစ်သင်္ဘောများ ရောက်ရှိလာခြင်းဖြစ်နိုင်တယ်လို့လည်း ဒေသတွင်းသတင်းတွေမှာ ထွက်ပေါ်နေပါတယ်။
