
စက်တင်ဘာ(၁၀) ၊ နေပြည်တော်
ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို အကြံပေးဖို့အတွက် အဖွဲ့ဝင်(၅)ဦးပါတဲ့ အကြံပေးအဖွဲ့ ကို ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ သမ္မတရုံးက ပြောထားပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထပ်က ငြိမ်းချမ်းရေးစင်တာ NPC မှာ ပါဝင်ခဲ့သူတွေဖြစ်တဲ့ ဦးအောင်မင်းကို ဒီအကြံပေးအဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ပေးပြီး ဒေါက်တာမင်းဇော်ဦး ၊ ဦးသိန်းဇော် ၊ ဦးအောင်နိုင်ဦး နဲ့ ဦးသက်နိုင် တို့က အဖွဲ့ဝင်တွေအဖြစ်ပါဝင်ကြပါတယ်။
ဒီအကြံပေးအဖွဲ့က ဗိုလ်ချုပ်ရာပြည့်ဦးဆောင်တဲ့ NSPNC ကို ငြိမ်းချမ်းရေးဆိုင်ရာအကြံပြုချက်၊ NCA သဘောတူညီချက်နဲ့ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်နိုင်ရေး၊ လေ့လာဆန်းစစ်ချက်နဲ့ အကြံပြုစာတမ်းများဖော်ထုတ်ခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နိုင်မယ့်အဖွဲ့နဲ့ လူပုဂ္ဂိုလ်တွေကို ဆန်းစစ်ခြင်းကိစ္စရပ်တွေ လုပ်ဆောင်မယ်လို့ ဆိုပါတယ်။
ဒီထဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ အရပ်ဘက်၊ ပြည်တွင်း ပြည်ပငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တွေအပြင် ချိတ်ဆက်သင့်တဲ့အဖွဲ့ တွေနဲ့ ချိတ်ဆက်ဆောင်ရွက်မှုများကိုလည်း ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
အကြံပေးအဖွဲ့ဖွဲ့စည်းရခြင်းဟာ ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဉ်တွေ ပြုလုပ်ရာမှာ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့အတွက် ဖြစ်တယ်လို့ ဆိုထားပါတယ်။
အခု အကြံပေးအဖွဲ့အတွင်း ပါဝင်ထားသူတွေက ယခင်က စစ်တပ်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေနဲ့ လုပ်ငန်းစဉ်တွေမှာလည်း ပါဝင်ခဲ့ဖူးသူတွေဖြစ်ပြီး သြဂုတ်လ(၂၇) ရက်နေ့မှာ ခန့်အပ်ဖွဲ့စည်းခဲ့ကြတာလည်း ဖြစ်ပါတယ်။
