ဗန်းမောက်မှာ ကုန်စည်နဲ့ စက်သုံးဆီဝင်ရောက်မှု နည်းလာပြီး ဟုမ္မလင်း-နမ့်တောဘက်ကို အားထားနေရ

စက်တင်ဘာ (၁၆) ၊ ဗန်းမောက်

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ်အတွင်း စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်တွေ ဝင်ရောက်မှု နည်းလာတာကြောင့် လက်ရှိမှာ ဟုမ္မလင်းနဲ့ နမ့်တောဘက်က ကုန်စည်တွေကို အဓိကအားထားနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အင်းတော်မြို့နယ်အတွင်းက ကုန်သွယ်ရေးလမ်းကြောင်းတွေ ပုံမှန်အသုံးပြုလို့မရတော့တာကြောင့် အင်းတော်-ဗန်းမောက်လမ်းပိုင်းအစား ကွင်းလမ်းတွေကနေ ဆိုင်ကယ်တွေနဲ့ ကုန်စည်တွေကို အနည်းငယ်စီ သယ်ယူနေကြရတယ်လို့ ကုန်စည်သယ်ယူသူတွေက ပြောပါတယ်။

ဗန်းမောက်ဒေသခံ အမျိုးသားတစ်ဦးကတော့ လက်ရှိမှာ ဆိုင်ကယ်တွေနဲ့  သယ်ယူနေရတာကြောင့် စားသောက်ကုန်တွေကို  အနည်းငယ်သာ သယ်ယူနိုင်ကြတယ်လို့ ဆိုပါတယ်။

“အခုက ဆိုင်ကယ်တွေနဲ့ သယ်ယူနေရတာ။ စားသောက်ကုန်က သိပ်မပါဘူး။ ကွမ်းခြင်းတွေ၊ ကြက်ခြင်းတွေပဲ သယ်ယူကြရတာများတယ်။” လို့ သူကပြောပါတယ်။ 

လက်ရှိမှာ ဗန်းမောက်ဒေသအတွက် ကုန်ပစ္စည်းတွေနဲ့ စက်သုံးဆီတွေကို ဟုမ္မလင်း-နမ့်တောဘက်ကနေ ဝယ်ယူသုံးစွဲနေရတယ်လို့လည်း သိရပါတယ်။

အင်းတော်ဘက်က ကွင်းလမ်းတွေကနေ သယ်ယူလာတဲ့ စက်သုံးဆီအချို့လည်း ရှိနေပြီး ဟုမ္မလင်း-နမ့်တောဘက်က ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် ဈေးကွာဟမှုက သောင်းဂဏန်းခန့်သာ ရှိတယ်လို့ စက်သုံးဆီ သယ်ယူသူတွေက ပြောပါတယ်။

 အင်းတော်ဘက်က ကွင်းလမ်းတွေကို အသုံးပြုပြီး စက်သုံးဆီ သယ်ယူရာမှာ သယ်ယူစရိတ်နဲ့ အခွန်အခတွေ ပိုမိုကုန်ကျသလို လမ်းခရီးမှာလည်း အခက်အခဲတွေရှိတယ်လို့ ယာဉ်မောင်းတွေက ဆိုကြပါတယ်။

“အင်းတော်ကွင်းလမ်းကနေ သယ်ရတာ မလွယ်ဘူး။ တစ်ပေပါကို ၅ သိန်း အခွန်ဆောင်ရတယ်။ ပြီးရင် ကားနဲ့ သယ်လို့မရဘူး။ နွားလှည်းတွေ ငှားရတယ်။ PDF က  မိရင် ပစ္စည်းတွေအကုန်သိမ်းတယ်၊ ငွေတောင်းတယ်။ မလွယ်ဘူး”​လို့ စက်သုံးဆီ ကုန်သည်တစ်ဦးကပြောပါတယ်။ 

ဗန်းမောက်မြို့ကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက်ပိုင်း KIA+PDF တွေဘက်က ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပိတ်ထားတာ အခုအချိန်အထိ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလို လမ်းကြောင်းအခြေအနေတွေကြောင့် ပုံမှန်ကားလမ်းကနေ ကုန်စည်သယ်ယူဖို့ အခက်အခဲရှိလာပြီး ဆိုင်ကယ်၊ နွားလှည်းနဲ့ ကွင်းလမ်းတွေကို အသုံးပြုပြီး ကုန်စည်သယ်ယူနေရတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *