တယ်လီနောကို ဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာဥပဒေ ချိုးဖောက်မှုနဲ့ နော်ဝေရဲတပ်ဖွဲ့က တရားစွဲဆို 

စက်တင်ဘာ( ၁၆) ၊ နော်ဝေ

မြန်မာနိုင်ငံမှာ အော်ပရေတာလုပ်ငန်းကို လုပ်ကိုင်ခဲ့ဖူးတဲ့ Telenor ASA ကုမ္ပဏီကို နော်ဝေအစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာဥပဒေ နဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ပူးပေါင်းပါဝင်ခဲ့မှု သံသယနဲ့ စွဲဆိုလိုက်ပါတယ်။ 

ဒီကိစ္စနှစ်ခုလုံးဟာ Telenor Group ရဲ့ မြန်မာနိုင်ငံမှာ ယခင်က လုပ်ကိုင်ခဲ့တဲ့ လုပ်ငန်းတွေနဲ့ သက်ဆိုင်တယ်လို့ ကုမ္ပဏီဘက်ကပြောပါတယ်။ 

မနေ့ စက်တင်ဘာလ (၁၅) ရက်နေ့မှာ Telenor ASA ကုမ္ပဏီရုံးချုပ်ကို နော်ဝေရဲတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့ပြီး သက်သေတွေကို သိမ်းဆည်းခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

“စစ်ဘက်အာဏာပိုင်တွေရဲ့ အမိန့်တွေကို မလိုက်နာဘူးဆိုရင် ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေဟာ ထောင်ချခံရတာ၊ နှိပ်စက်ခံရတာ ဒါမှမဟုတ် သေဒဏ်ချမှတ်ခံရတာအထိ အန္တရာယ်ရှိခဲ့ပါတယ်။ အလွန်ခက်ခဲတဲ့ အခြေအနေတစ်ရပ်ဖြစ်ခဲ့ပြီး ကျွန်တော်တို့အနေနဲ့ တကယ့်ရွေးချယ်စရာမရှိဘူးလို့ ယူဆခဲ့ရသလို ဝန်ထမ်းတွေရဲ့ အသက်ကိုလည်း အန္တရာယ်မဖြစ်စေချင်ခဲ့ပါဘူး” လို့ Telenor ရဲ့ မီဒီယာဆက်ဆံရေးဒါရိုက်တာ David Fidjeland  က ဆိုပါတယ်။

Justice For Myanmar နဲ့   ICJ Norway တို့က  ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့မှာ  အထက်အဆင့် တရားစွဲဆိုရေးအာဏာပိုင်အဖွဲ့ထံ ထပ်မံတိုင်ကြားခဲ့ကြပါတယ်။ 

တယ်လီနော်ဟာ  ပိတ်ဆို့အရေးယူခံထားရတဲ့  စောင့်ကြည့်ထောက်လှမ်းရေးပစ္စည်းတွေကို  ဆက်လက်ထိန်းသိမ်းထားခဲ့ပြီး၊ ၂၀၂၂ ခုနှစ် မြန်မာနိုင်ငံမှ ထွက်ခွာချိန်မှာ အဲ့ဒီပစ္စည်းကိရိယာများကို မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ ဝယ်ယူသူထံ လွှဲပြောင်းပေးခဲ့တယ်လို့ JFM က ဆိုပါတယ်။ 

တယ်လီနောမြန်မာလုပ်ငန်းစုတစ်ခုလုံးကို အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် M1 Group ထံကို ၂၀၂၂ ခုနှစ်မှာ ရောင်းချခဲ့ပြီး Atom လို့ အမည်ပြောင်းလဲခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာ ရှိတဲ့  ဆက်သွယ်ရေးကဏ္ဍ  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုထဲမှာ Telenor နဲ့  အော်ရီဒူးတို့ပါဝင်ခဲ့ပြီး လက်ရှိအချိန်မှာ ပြည်တွင်းထဲကနေ ထွက်ခွာသွားကြပြီလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *