RCSS/SSA ထိန်းချုပ်နယ်မြေအတွင်းမှာ ဖက်ဒရယ်စနစ်နဲ့ ဒေသန္တရအုပ်ချုပ်ရေးဖော်ဆောင်နေတယ်လို့ဆို 

စက်တင်ဘာ (၁၆) ၊ နေပြည်တော် 

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) က သူ့ထိန်းချုပ်နယ်မြေအတွင်းမှာ ဖက်ဒရယ်စနစ်နဲ့အညီ ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းတွေကိုဖော်ဆောင်နေကြောင်း ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီကို အသိပေးခဲ့တယ်လို့ သိရပါတယ်။ 

မနေ့က စက်တင်ဘာလ (၁၅) ရက်နေ့မှာ RCSS/SSA နဲ့ အမျိုးသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးပွဲမိန့်ခွန်းအတွင်း ပြောဆိုခဲ့ပါတယ်။

RCSS/SSA  အတွင်းရေးမှူး (၁)   ဗိုလ်မှူးကြီး စိုင်းငင်းက “ ထိန်းချုပ်နယ်မြေအတွင်းမှာ ပညာရေး၊ကျန်းမာရေး ၊ လမ်းပန်းဆက်သွယ်ရေး၊ လူမှုစီးပွား နဲ့ ဒေသဖွံ့ဖြိုးရေးတွေကို ဖက်ဒရယ်စနစ်နဲ့အညီ ဆောင်ရွက်ပေးနေတယ်”​လို့ ဆိုပါတယ်။ 

ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်း အပါအဝင် ပညာရေး၊ကျန်းမာရေး၊ဖွံ့ဖြိုးရေးကိစ္စရပ်တွေလည်း RCSS/SSA နဲ့ NSPNC တို့အကြား  အပြန်အလှန် ဆွေးနွေးပြီး နားလည်မှုတွေရရှိခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ 

ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ ကာလအတွင်းမှာ စစ်တပ်အနေနဲ့ ယုံကြည်မှုတည်ဆောက်မှုဟာအရေးကြီးပြီး ဒီကာလမှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဆောင်ရွက်စေလိုတယ်လို့ RCSS/SSA က စစ်တပ်ကို တိုက်တွန်းထားပါတယ်။ 

ဒါ့အပြင် ငြိမ်းချမ်းရေးဆွေးနွေးမှုကာလမှာ   စစ်ဘေး၊  သဘာဝဘေးအန္တရာယ်တွေကြောင့်အတိဒုက္ခကြုံနေသူတွေလည်း နေရပ်ပြန်လာရေး အစိီအစဉ်ကို ဆောင်ရွက်ပေးဖို့လိုတယ်လို့ ပြောပါတယ်။ 

မနေ့က တွေ့ဆုံဆွေးနွေးမှုတွေထဲမှာ နှစ်ဖက်ကြိုတင်ညှိနှိုင်းထားတဲ့အကြောင်းအရာတွေကို ဆွေးနွေးနိုင်ခဲ့ပြီး ယုံကြည်မှုတွေလည်းတိုးလာတယ်လို့ RCSS/SSA က ပြောပါတယ်။ 

NSPNC ဟာ မေလ မှ ဩဂုတ်လအထိ  တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၁၃) ဖွဲ့နဲ့ ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးမှုတွေပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *