
စက်တင်ဘာ(၁၅) ၊ ဖားကန့်
ဖားကန့်မြို့နယ် ၊ လုံးခင်းကျေးရွာအုပ်စု ၊ မှော်စီစာကျေးရွာရှိ တောင်ယာကုန်းကျောက်စိမ်းလုပ်ကွက်အတွင်း မနေ့က စက်တင်ဘာလ ၁၄ ရက် ည (၈)နာရီကျော်အချိန်မှာ မြေစာပုံပြိုကျပြီး ရေမဆေးသမား(၁)ဦး သေဆုံးခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။
“မြေစာပျက်ကျတဲ့အထဲပါသွားတာ မသေသင့်ဘဲသေသွားတာ၊ မြေစာကနှစ်ခါပြိုတာလေ၊ ပထမတစ်ခါက သူကတော်တော်မြှုပ်နေတာ မသေသေးဘူး၊ နောက်ထပ်တစ်ခါထပ်ပြိုတော့ အပေါ်ကနေမြေစာတွေထပ်ပိကျသွားတာ ဒါကြောင့်သေသွားတာ” လို့ ဖြစ်စဉ်ကိုသိရှိတဲ့ ကျေးရွာသားတစ်ဦးက ပြောပြပါတယ်။
သေဆုံးသူအမျိုးသားတစ်ဦးဟာ အသက်(၄၀)ကျော်အရွယ် ဆန်းကြွယ်ကျေးရွာသားဖြစ်ပြီး သူနဲ့အတူရေမဆေးရှာဖွေနေသူ နောက်ထပ်အမျိုးသား(၂)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်ကြောင်း သိရပါတယ်။
သူတို့က တစ်နိုင်တစ်ပိုင် ကျောက်စိမ်းတူးဖော်နေသူတွေဖြစ်ပြီး သေဆုံးသူအလောင်းကို ရေမဆေးသမားများ စုပေါင်းရှာဖွေထုတ်ယူကာ မိသားစုထံ အပ်နှံခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
“ သေဆုံးသူအလောင်းကို ရလိုက်တယ်၊ ရေမဆေးသမားတွေပေါင်းပြီး ဖော်လိုက်ကြတာ၊ သေတဲ့သူက ကုမ္ပဏီကဝန်ထမ်းမဟုတ်ဘူး အပြင်ကနေကျောက်လာရှာတဲ့ ရေမဆေးသမားလေ၊ အဲနားက ကုမ္ပဏီကတော့တူးနေတဲ့ကုမ္ပဏီဟုတ်တယ် ၊မြေစာသွန်တယ်။ ”
အဆိုပါလုပ်ကွက်မှာ ကျောက်စိမ်းတူးဖော်တဲ့ကုမ္ပဏီတစ်ခုလည်း လက်ရှိတူးဖော်ရေးလုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လက ဆိပ်မူအုပ်စုအတွင်းပါဝင်တဲ့ နမ့်မှော်ကျေးရွာမှာလည်း ကျောက်စိမ်းမြေစာပုံပြိုကျပြီး ရေမဆေးသမား(၅)ဦး သေဆုံးခဲ့မှု ရှိခဲ့ပါတယ်။
