ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ  (၈)လအတွင်း  မူးယစ်ဆေးဝါး ကျပ်ဘီလီယံ (၃၀)ကျော်ဖိုး ဖမ်းမိထား

စက်တင်ဘာ( ၁၄) ၊ စစ်ကိုင်း

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ အခုနှစ် ဇန်နဝါရီလကနေ သြဂုတ်လအထိ (၈)လအတွင်းမှာ  မူးယစ်ဆေးဝါး စုစုပေါင်း (၁၆၁. ၇၉၅)ကီလို  ဖမ်းဆီးရမိခဲ့တာကို CCDAAC Myanmar ရဲ့ မူးယစ်ဆေးဝါးသတင်းဖော်ပြမှုတွေအရ သိရပါတယ်။

ဒါ့အပြင်စိတ်ကြွရူးသွပ်ဆေးပြားတွေ့ရှိမှုကလည်း  အရေအတွက် (၁၁.၁၂) သန်းထိ ရှိခဲ့ပါတယ်။ 

ဒါဟာ  (၈)လအတွင်း စိတ်ကြွရူးသွပ်ဆေးပြားနဲ့ မူးယစ်ဆေးဝါးတန်ဖိုး  ကျပ်ငွေစုစုပေါင်း  (၃၀) ဘီလီယံကျော် ဖိုး တွေ့ရှိခဲ့တာလည်း ဖြစ်ပြီး ကချင်ပြည်နယ်မှာ သိန်းပေါင်း (၁)သောင်းကျော်ဖိုး၊ စစ်ကိုင်းတိုင်းမှာ သိန်းပေါင်း (၂သိန်း ၇ သောင်း)ကျော်ဖိုး ရှိနေပါတယ်။ 

မူးယစ်ဆေး နဲ့ စိတ်ကြွရူးသွပ်ဆေး တွေ့ရှိမှုထဲ စစ်ကိုင်းတိုင်းအတွင်းမှာ  မူးယစ်ဆေး (၁၀၃)ကီလိုကျော် နဲ့  စိတ်ကြွဆေးပြား ( ၁၀)သန်းကျော် ၊ ကချင်ပြည်နယ်မှာ  မူးယစ်ဆေး (၅၇) ကီလိုကျော် နဲ့ စိတ်ကြွဆေးပြား  ( ၁၉)သိန်း နီးပါး  ရှိထားတာကို ရှမ်းနီအသံရဲ့စာရင်းစုစည်းထားမှုအရ သိရပါတယ်။

ကချင်ပြည်နယ်မှာ စိတ်ကြွရူးသွပ်ဆေးပြားရေ ( ၁၈၉,၀၀၀)ပြား၊  ဘိန်းဖြူ (၁၃.၉၉၅)ကီလို၊ ဘိန်းဆီခဲ (၂၄.၂)ကီလို ၊  ဘိန်းစိမ်း (၁၇.၂)ကီလို ၊ ပျော်ရွှင်ဆေးရည် Happy water  (၂.၅) ကီလိုတို့ ပါဝင်ပါတယ်။

စစ်ကိုင်းတိုင်းမှာ စိတ်ကြွရူးသွပ်ဆေးပြားကို အများဆုံးတွေ့ရှိခဲ့တာဖြစ်ပြီး  ( ၁၀,၉၂၇ ,၇၀၀) ပြား ၊ ဘိန်းဖြူ (၇၀.၄) ကီလို ၊ ဘိန်းစိမ်း (၃၃ .၅ )ကီလို တို့ကို ဖမ်းမိခဲ့တာပါ။

ဖမ်းဆီးရမိတဲ့ မြို့နယ်တွေက   ကချင်ပြည်နယ်အတွင်းမှာ မိုးညှင်း ၊  ဝိုင်းမော်မြို့နယ် နဲ့ စစ်ကိုင်းတိုင်းမှာ ကလေးဝ၊ မုံရွာ ၊ ကလေး ၊စစ်ကိုင်းမြို့နယ်တို့မှာ ဖြစ်ပြီး ကချင်ပြည်နယ်မှာ အမျိုးအမည်စုံစုံလင်လင်တွေ့ခဲ့ရပါတယ်။

လူငယ်တွေအကြား သုံးစွဲမှုများပြားတဲ့ Happy water ဆေးရည်ကို ဝိုင်းမော်မြို့နယ် တစ်ခုတည်းမှာ သိန်း (၁၇၀၀)ကျော်ဖိုး  ဖမ်းဆီးရမိခဲ့ပါတယ်။ 

ဒီဆေးရည်ကို (၂၀၂၅)ခုနှစ်မှစပြီး မိုးညှင်းမြို့နယ်အတွင်းမှာ စတင်တွေ့ရှိခဲ့တာဖြစ်သလို ဒီနှစ်မှာ ပမာဏပိုမိုများပြားလာတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *