
စက်တင်ဘာ( ၁၁) ၊ ရန်ကုန်
မြန်မာမှာ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ကာလဝမ်းရောဂါ ဖြစ်ပွားနေမှုကို ကာကွယ်ကုသရေးအတွက် ဆေးဝါးနဲ့ အဟာရ မက်ထရစ်တန် (၄၆)ကို ဥရောပသမဂ္ဂ (EU) က ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
ကာလဝမ်းရောဂါကူးစက်မှုနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါများကို ကာကွယ်ရေး၊ ကုသရေးတို့ လုပ်ဆောင်နိုင်ရန်အတွက် ရန်ကုန်မြို့သို့ ဒီနေ့ စက်တင်ဘာ(၁၁) ရက်နေ့မှာ ရောက်ရှိထားပြီလို့ EU က ထုတ်ပြန်ထားပါတယ်။
လိုအပ်တဲ့ ဆေးဝါးနဲ့ အာဟာရတွေအပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအတွက် ယူရို (၇)သိန်းခွဲကိုလည်း ထည့်သွင်းထောက်ပံ့ပေးခဲ့ကြောင်း ဆိုထားပါတယ်။
ဒီပစ္စည်းတွေနဲ့ ငွေကြေး တွေကို ပြည်တွင်းမှာရှိတဲ့ ကုလသမဂ္ဂကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ (UNICEF) နဲ့ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA ) နှစ်ဖွဲ့ကနေတစ်ဆင့် အမှန်တကယ်လိုအပ်တဲ့သူတွေထံကို ဖြန့်ဝေပေးအပ်သွားမယ်လို့ သိရပါတယ်။
အယ်လ်နီညိုရဲ့မုတ်သုံလေသက်ရောက်မှုကြောင့် မြန်မာမှာလည်း မိုးရာသီကာလဟာ ကြာရှည်ပြီး စက်တင်ဘာလကုန်ပိုင်းအထိ မိုးများနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။
မိုးများခြင်းနဲ့ ဆက်တိုက်ရွာသွန်းမှုတွေကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားပြီး ရေကနေတစ်ဆင့် ကူးစက်တတ်တဲ့ ဝမ်းပျက်ဝမ်းလျှောလို ရောဂါတွေအပြင် အခြားစိုးရိမ်စရာကျန်းမာရေးအခြေအနေတွေလည်း ဖြစ်ပွားနေကြတာပါ။
ပြီးခဲ့တဲ့ သြဂုတ်လက မြန်မာအတွက် ယူရို ၁၀ သန်း ကို EU ထောက်ပံ့ခဲ့ပြီး (၂၀၂၅)ခုနှစ် နဲ့ အခု (၂၀၂၆) ခုနှစ် နှစ်နှစ်နီးပါးအတွင်း အသက်ကယ်ဆေးဝါးနဲ့ ဆေးပစ္စည်းများကိုလည်း တန်ပေါင်းတစ်ထောင်ကျော်ထိ ထောက်ပံ့ထားပါတယ်။
ဥရောပသမဂ္ဂ(EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အရပ်ဘက်အဖွဲ့အစည်းများ၊ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးအင်အားစုတွေနဲ့ NUG တို့ပူးပေါင်းပြီး နယ်စပ်အခြေပြုလမ်းကြောင်းတွေဆီကနေတဆင့် ကူညီဖို့ ပြီးခဲ့တဲ့လမှာ တောင်းဆိုခဲ့ကြပါတယ်။
EU ကတော့ ဒီနေ့အထောက်အပံ့တွေကိုလည်း ဦးမင်းအောင်လှိုင်ဦးဆောင်တဲ့ အစိုးရအဖွဲ့ကနေ တဆင့် ပေးပို့ခဲ့တာဖြစ်ပြီး အကူအညီတွေကို ကုလသမဂ္ဂအေဂျင်စီ၊ ဒေသတွင်း NGO တွေအပါအဝင် အခြားယုံကြည်စိတ်ချရတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေကနေ တိုက်ရိုက်ထောက်ပံ့တာလို့ ပြောထားပါတယ်။
