ရွှေထွက်တဲ့ဒေသတွေကို  ထိန်းချုပ်ရေး စစ်တပ်နဲ့  တော်လှန်ရေးတပ်တွေရဲ့  စစ်ရေးရည်မှန်းချက်ဖြစ်လာ

Screenshot

စက်တင်ဘာ (၁၁) ၊​ စစ်ကိုင်း 

မြေအောက်မှာ ရွှေကြောတွေပေါတဲ့ဒေသတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းမှုတွေဟာ စစ်တပ် ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်နဲ့ တော်လှန်ရေးတပ်တွေရဲ့ စစ်ရေးရည်မှန်းချက်တစ်ခုဖြစ်လာနေတယ်လို့ International Crisis Group( ICG) ရဲ့ လေ့လာဆန်းစစ်ချက်တစ်ခုက ဆိုပါတယ်။ 

မြန်မာနိုင်ငံရဲ့ အလယ်ပိုင်းနဲ့မြောက်ပိုင်းဒေသအပါအဝင်  ရွှေထုတ်လုပ်မှုတွေဟာ တစ်နှစ်ကို  ရွှေ( ၅) တန်အထိရှိနိုင်ပြီး ကန်ဒေါ်လာ( ၁) ဘီလီယံနီးပါးရှိနေပါတယ်။ 

ရွှေတူးဖော်ရေးလုပ်ငန်းဟာ စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေအတွက် အချိန်ကြာမြင့်စွာ အကျိုးအမြတ်များတဲ့ ဝင်ငွေရင်းမြစ်တစ်ခုဖြစ်လာပြီး အပြိုင်ထိန်းချုပ်ဖို့ ကြိုးပမ်းနေတာလို့ ICG က ပြောပါတယ်။ 

ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေက ရွှေတူးဖော်မှုကနေ အခွန်ကောက်ခံတာဟာ လက်နက်နဲ့ ခဲယမ်းတွေ ဝယ်ယူနိုင်ဖို့အတွက် ရရှိနိုင်တဲ့ ဝင်ငွေရင်းမြစ် အနည်းငယ်ထဲက တစ်ခုလည်းဖြစ်လာပါတယ်။ 

ရွှေတူးဖော်မှုကနေ ဝင်ငွေရရှိနေတဲ့ တော်လှန်ရေးအဖွဲ့တွေကို ဖြတ်တောက်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်က ရွှေတူးဖော်ရေးလုပ်ငန်းတွေကို လေကြောင်းကနေ တိုက်ခိုက်မှုတွေလည်းရှိပါတယ်။ 

ပြီးခဲ့တဲ့ လတွေအတွင်းမှာ ရွှေတူးဖော်မှုနေရာတွေကို ဦးတည်ပြီးတော့ မြို့နယ် အနည်းဆုံး ၈ ခုက ရွှေတူးဖော်ရေးလုပ်ငန်းခွင်တွေကို လေကြောင်းတိုက်ခိုက်မှု ဒါဇင်နဲ့ချီ ပြုလုပ်ထားခဲ့ပါတယ်။ 

ရွှေတူးဖော်ရေးလုပ်ငန်းဟာ စစ်ပွဲကြောင့် ပျက်စီးနေတဲ့ စီးပွားရေးအခြေအနေအောက်မှာ လူပေါင်းများစွာကို အလုပ်အကိုင်ပေးနေသလို လက်နက်ကိုင်အဖွဲ့တွေအတွက်လည်း ဝင်ငွေရင်းမြစ်တစ်ခု ဖြစ်နေပါတယ်။

ရွှေထွက်တဲ့ဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာလည်း  စစ်ရေးတင်းမာမှုအမြဲရှိနေပြီး၊ လမ်းပိုင်းထိန်းချုပ်မှု ၊ ရိက္ခာဖြတ်တောက်မှုတွေကို အပြိုင်ဆောင်ရွက်နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။ 

မြစ်ကမ်းဘေးတွေကနေ သစ်တောတွေနဲ့ လယ်ယာမြေတွေထဲအထိ ပျံ့နှံ့လာပြီး အိမ်တွေရဲ့ အနီးအနားအထိရွှေတူးဖော်မှုတွေဟာ ရောက်ရှိလာတယ်လို့ ICG က ပြောဆိုထားပါတယ်။ 

ဒီလုပ်ငန်းတွေမှာ လက်နက်ကိုင် ခေါင်းဆောင်တချို့ဟာ  ရွှေတူးဖော်ရေးကနေ ကိုယ်ကျိုးအမြတ်ရရှိနေကြပြီး ကိုယ်တိုင်လုပ်နေသူတွေလည်းရှိတယ်လို့ ပြောဆိုနေကြပါတယ်။

ရွှေအများအပြားထွက်ရှိတဲ့ ဒေသတွေကိုတော့ တော်လှန်ရေးတပ်တွေက အများဆုံးထိန်းချုပ်ထားဆဲဖြစ်ပြီး ရွှေပိဿာရာနဲ့ချီရရှိနေတယ်လို့ ရွှေမျှောလုပ်ကိုင်နေကြသူတွေထံကနေ စုံစမ်းသိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *