
စက်တင်ဘာ (၁၁)၊ မန္တလေး
တံတားဦးမြို့နယ်က လေတပ်စခန်းကို FPV အသေခံဒရုန်း (၆) စင်းနဲ့ တိုက်ခိုက်ခံရပြီးနောက် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ခရီးစဉ်တွေရပ်နားထားပြီး ပြင်ဦးလွင်အနီးစခန်းလေဆိပ်မှာ ယာယီဆင်းသက်ခွင့် ပေးထားတယ်လို့ သိရပါတယ်။
မနေ့က စက်တင်ဘာ (၁၀) ရက်နေ့၊ နေလည် ၂ နာရီဝန်းကျင်မှာ တော်လှန်ရေးတပ်ဖွဲ့များက စစ်တပ်ရဲ့ တိုက်လေယာဉ် (၄) စီးကို FPV အသေခံဒရုန်းများနဲ့ တိုက်ခိုက်ခဲ့ပြီး (၂) စီးထိမှန်ကာ မီးလောင်ပေါက်ကွဲပျက်စီးသွားတယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ တော်လှန်ရေးတပ်တွေဘက်ကအတိအကျ ထုတ်ပြန်ထားတာမရှိသေးပါဘူး။
တံတားဦးလေတပ်စခန်း လေယာဉ်ရုံအတွင်းရပ်နားထားတဲ့ တိုက်လေယာဉ်ကို ဒရုန်းနဲ့တိုက်ခိုက်မှုဖြစ်ပွားခဲ့တာလို့ ထွက်ပေါ်လာတဲ့ ရုပ်သံဖိုင်အရသိရပါတယ်။
တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ဂျက်လေယာဉ်တွေနဲ့ လေတပ်စခန်းအနီးတစ်ဝိုက်ကို ကင်းထောက်ပျံသန်းတာတွေ ရှိခဲ့သလို မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်ထဲမှာလည်း လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီလေတပ်စခန်းဟာ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ ကပ်လျက်ရှိတာကြောင့် ပြည်တွင်းလေယာဉ်ဆင်းသက်ခွင့်တွေကို ယာယီရပ်ဆိုင်းခဲ့ရတာပါ။
လက်ရှိမှာတော့ မန္တလေးလေဆိပ်ကိုအကန့်အသတ်မရှိပိတ်ပင်ထားပြီး ပြည်တွင်းခရီးစဉ်တွေအားလုံး ပြင်ဦးလွင်မြို့၊ အနီးစခန်းလေဆိပ်ကို ယာယီရွေ့ပြောင်းမှုတွေရှိနေတာဖြစ်ပါတယ်။
ဖျက်သိမ်းလိုက်တဲ့ ပြည်တွင်းပြည်ပ လေယာဉ်ခရီးစဉ်တွေနဲ့ ပတ်သက်ပြီး အစားထိုးပြေးဆွဲပေးမယ့် ရက်အတိအကျကို မသိရသေးသလို လေကြောင်းလိုင်းတွေဘက်ကလည်း ဆက်သွယ်မှုတွေမရှိသေးဘူးလို့ ခရီးသည်တွေက ပြောပါတယ်။
MAI / Mingalar လေကြောင်းလိုင်းကလည်း မန္တလေးလေဆိပ်ကထွက်ခွာမဲ့ ပြည်တွင်း၊ ပြည်ပ ခရီးစဉ်အားလုံးကို ယာယီရပ်နားထားမယ်လို့ မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ခရီးစဉ်ရပ်ဆိုင်းခံရမှုကြောင့် လက်မှတ်ဝယ်ယူထားတဲ့ ခရီးသည်များကို လက်မှတ်ခအပြည့်အဝ ပြန်လည်ထုတ်ယူခြင်း (refund) တွေ လုပ်ဆောင်ပေးမှာဖြစ်တယ်လို့သိရပါတယ်။
မန္တလေးလေဆိပ်ကို ရန်ကုန်၊ မြစ်ကြီးနား၊ ပူတာအို၊ တာချီလိတ်၊ ကျိုင်းတုံ၊ ဟုမ္မလင်း၊ ကလေး၊ ခန္တီး စတဲ့ပြည်တွင်းခရီးစဉ်တွေ အသုံးပြုကြတာလည်းဖြစ်ပါတယ်။
တစ်ဖက်မှာလည်း အဆိုပါလေဆိပ်ကို မြစ်ကြီးနားနဲ့ ဟုမ္မလင်း ခရီးစဉ်များအတွက် အဓိကအသုံးပြုမှုများပါတယ်။
