လီဆူ တိုင်းရင်းသား အမည်မှန်ကို အတည်ပြုဖို့ ပြည်ထောင်စုလွှတ်တော်ထံ ဆက်လက်ပေးပို့

အောက်တိုဘာ(၁၂) ၊ မြစ်ကြီးနား

အောက်တိုဘာ (၇) ရက်နေ့က ကချင်ပြည်နယ်လွှတ်တော်ကနေ လီဆူတိုင်းရင်းသား  လူမျိုးအမည်မှန် (စာလုံးပေါင်း)ကို အတည်ပြုခဲ့ပြီးနောက် ပြည်ထောင်စုလွှတ်တော်ထံကို ဆက်လက်တင်သွင်းထားတယ်လို့ သိရပါတယ်။ 

ပြည်ထောင်စုလွှတ်တော်က သတ်မှတ်အတည်ပြုပေးဖို့ ဆက်လက်တင်သွင်းပေးပို့ထားတယ်လို့  လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးလီပေါ်ရဲရဲ့ လူမှုကွန်ရက်စာမျက်နှာမှ အသိပေးထားပါတယ်။ 

လီဆူတိုင်းရင်းသားနဲ့အတူ လော်ဝေါ်တိုင်းရင်းသားလည်း ကချင်ပြည်နယ်လွှတ်တော်ကနေ အဲဒီနေ့က အမည်မှန် အတည်ပြုပေးခဲ့ပါတယ်။

လာမယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကနေ အတည်ပြုပြီးရင် သမ္မတက လက်မှတ်ရေးထိုး ပြန်တမ်းထုတ်ပြန်သွားမှာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လ စက်တင်ဘာ (၁၁) ရက်နေ့က မြစ်ကြီးနားမြို့ရှိ လီဆူရိုးရာယဉ်ကျေးမှုကွင်း ၊ခန်းမမှာ လီဆူတိုင်းရင်းသားများ ၊ လီဆူ စာပေနဲ့ယဉ်ကျေးမှုအဖွဲ့ဝင်များ အပြင် တာဝန်ရှိသူအသီးသီးနဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ်တို့က လီဆူအမည်မှန်သတ်မှတ်နိုင်ရေးကို ဆွေးနွေးသတ်မှတ်ခဲ့ကြတာပါ။

အဲကနေ  လွှတ်တော်လမ်းကြောင်းမှတစ်ဆင့် တင်သွင်းဖို့ စီစဉ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒီထဲ ကချင်ပြည်နယ်အတွင်းနဲ့ စစ်ကိုင်းတိုင်းမှာနေထိုင်ကြတဲ့   ရှမ်းနီတိုင်းရင်းသားများကလည်း အမည်မှန်တင်သွင်းဖို့ ဆွေးနွေးနေပြီး လာမယ့်အချိန်ကာလအတွင်းမှာ လွှတ်တော်ထံ တင်ပြသွားဖို့ရှိတယ်လို့ သိရပါတယ်။ 

” “ရှမ်းနီ” လို့ပဲတင်သွင်းကြမှာဟုတ်တယ် ။  အချိန်တစ်ခုလောက်တော့ စောင့်ဦးမယ်လို့တော့ ပြောကြတယ်၊ အကြာကြီးတော့မဟုတ်ဘူးပေါ့လေ ကြာလို့မရတော့ဘူးလေ၊  “တိုင်းလိုင်”လို့ အမည်ပေးခဲ့ကြတာလည်း ကျွန်တော်တို့ဘဲ၊ အခု ဒီခေတ်ဒီအခါမှာတော့ အားလုံးက “ရှမ်းနီ”လို့ဘဲ သဘောတူကြတော့ အများသဘောလုပ်ရမှာပေါ့ ၊ ဒါကြောင့် “ရှမ်းနီ”ဆိုတဲ့ အမည်မှန်အသုံးအနှုန်းကိုပဲ ကျွန်တော်လည်း သဘောတူတယ်။” လို့ စီစဉ်ဆောင်ရွက်နေမှုနဲ့ ပတ်သက်ပြီး ရှမ်းနီစာပေသုတေသီ ဦးကျော်ဦးက  အခုလိုဖြေကြားပါတယ်။

အောက်တိုဘာလ (၉)ရက်နေ့က ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီ (SNUC) နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ  ( NSPNC )တို့ တွေ့ဆုံမှုမှာလည်း ရှမ်းနီတိုင်းရင်းသား လူမျိုးအမည်မှန်အတွက် လွှတ်တော်လမ်းကြောင်းက ဆွေးနွေးမယ့်အကြောင်းလည်း ပါဝင်ခဲ့ပါတယ်။ 

ဒါ့အပြင်  ကချင်ပြည်နယ်ရှိ လာချိဒ်တိုင်းရင်းသားများကလည်း အမည်မှန်ရရှိရေးအတွက် တင်ပြသွားဖို့ ရှိတယ်လို့ ပြောဆိုမှုတွေရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *