
အောက်တိုဘာ ၉၊ နေပြည်တော်
ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ အခြေခံပညာကျောင်းတွေမှာ ဆရာ/မတွေနဲ့ ကျောင်းသား/သူတွေအားလုံး စာသင်ချိန်မှာ မိုဘိုင်းဖုန်းကိုင်ဆောင်ခွင့် တားမြစ်လိုက်တယ်လို့ သိရပါတယ်။
ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံပညာစာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်း(ဘက)ကျောင်းများနဲ့ အမျိုးသားသင်ရိုးညွှန်းတမ်းသင်ကြားနေတဲ့ ပုဂ္ဂလိကကျောင်းများမှာ ဆရာ/ဆရာမများကို စာသင်ချိန်ဖုန်းသုံးစွဲခွင့်ပိတ်ပင်လိုက်ပါတယ်။
အလားတူ ကျောင်းသား/ကျောင်းသူ များကိုလည်း ကျောင်းဝန်းအတွင်း ဖုန်းယူဆောင်လာခြင်း (လုံးဝ) မပြုရန် တားမြစ်ကြောင်း အခြေခံပညာဦးစီးဌာန နေပြည်တော်က ထုတ်ပြန်လာတယ်လို့သိရပါတယ်။
“ စာတော့မရောက်လာသေးဘူး ဒါပေမဲ့ အစည်းအဝေးမှာတော့ပြောပြီ။ ကြာပြီတစ်ပတ်လောက်ရှိပြီ၊ ကျောင်းခန်းထဲယူလို့မရဘူးပေါ့ ရုံးခန်းထဲမှာပဲထားရမှာ၊ ကျောင်းသားတွေကိုတော့ အစထဲကယူခွင့်မပေးဘူးလေ” လို့ ကချင်ပြည်နယ်ရှိ ပညာရေးဝန်ထမ်းဆရာမတစ်ဦးကအခုလိုပြောပြပါတယ်။
အောက်တိုဘာ ၆ ရက်နေ့ထဲက မြို့နယ်တစ်ချို့ကကျောင်းတွေနဲ့ ပညာရေးရုံးတွေမှာ စာပေးပို့ထားတာဖြစ်ပြီး သင်ကြား၊ သင်ယူမှုနဲ့ စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက်လို့ ဆိုထားပါတယ်။
သက်ဆိုင်ရာ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနဲ့ ကျောင်းအုပ်ကြီးများအနေနဲ့ လမ်းညွှန်မှာကြားချက်အပေါ် လိုက်နာဆောင်ရွက်နိုင်ရေးကို အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်သွားဖို့ တိုက်တွန်းထားတယ်လို့သိရပါတယ်။
ဒီနေ့အောက်တိုဘာ ၉ ရက်နေ့နောက်ဆုံးထားပြီး အဆိုပါထုတ်ပြန်စာ ကို လက်ခံကြောင်းနဲ့ လိုက်နာမယ့်အကြောင်းကို စာထဲပါရှိတဲ့ရုံးလိပ်စာအတိုင်း လက်မှတ်ထိုးမှတ်တမ်းများနဲ့အတူ စာပြန်လည်ပေးပို့ရမှာ ဖြစ်တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၂) ရက်က ကျင်းပတဲ့ တတိယအကြိမ်အမျိုးသားလွှတ်တော်အစည်းအဝေးအတွင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကျောင်းသားများ ကျောင်းကို ဖုန်းယူဆောင်လာမှုနဲ့ ဆက်စပ်ပြီး မေးမြန်းခဲ့ချိန်မှာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က အခုလိုမိုဘိုင်းဖုန်းသုံးစွဲခွင့်ကိုတားမြစ်ကြောင်း ဖြေဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
