ဖားကန့်မြို့မှာ စုပေါင်းရုံးတိုက်ခိုက်ခံရပြီးနောက်  ညမထွက်ရအမိန့်ထုတ်ပြန်ထား

အောက်တိုဘာ ၁၂၊ ဖားကန့်

ဖားကန့်မြို့ရှိ  စုပေါင်းရုံးမှာ ဒရုန်းဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက် ည ၁၀ နာရီကနေ မနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားတယ်လို့သိရပါတယ်။

အောက်တိုဘာ ၇ ရက်နေ့က စာထုတ်ပြန်ထားပြီးမြို့ပေါ်ရှိ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တမျိုးမျိုးအသုံးပြုပြီး ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ၊ စီတန်းလှည့်လည်ခြင်း၊ နှိုးဆော်ခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ် ပြုမူခြင်းတွေ တားမြစ်လိုက်တယ်လို့သိရပါတယ်။

“ ညက အရင်ကတည်းက သိပ်မသွားကြတော့ပါဘူး၊ ဘာမှတော့မဖြစ်ပါဘူး အပြင်မှာတော့ လာဆော်သြတာမကြားရပါဘူး ၊ လိုင်းပေါ်တွေမှာသာ ပြောနေကြတာ ၊ သွားတာ လာတာ နည်းနည်းခက်တာပေါ့ ၊အစစ်အဆေးက ဟိုရက်က ပိုစစ်တယ်၊ ခုရက်ပိုင်းသိပ်မစစ်တော့ဘူး” လို့ ဖားကန့်မြို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

ယခင်ထဲက ဒေသတွင်းနယ်မြေမတည်ငြိမ်မှုများနဲ့ အစစ်အဆေးများကြောင့် ဒေသခံတွေအနေနဲ့ ညပိုင်းအသွားအလာ မရှိသလောက်နည်းပါးတာဖြစ်တယ်လို့သိရပါတယ်။ 

အခုလို ညမထွက်ရအမိန့်ထုတ်ပြန်ခြင်းမှာ မြို့နယ်နယ်နိမိတ်အတွင်း  အများပြည်သူတို့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ပြုမူဆောင်ရွက်မှုများကြောင့်လို့ထုတ်ဖော်ပြောဆိုထားတာလည်းဖြစ်ပါတယ်။

အလားတူ အောက်တိုဘာ (၉) ရက်နေ့ကလည်း ဖားကန့်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ဝန်ထမ်းတွေကိုပါ  မြစ်ကြီးနားမြို့ လ.ဝ.ကရုံးကို ပြောင်းရွှေ့မှုတွေပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *