
အောက်တိုဘာ ၂၃၊ လဟယ်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ တခြားမြို့နယ်များကို ထပ်မံထည့်သွင်းနိုင်ရေးနဲ့ ကျေးရွာအုပ်စုများကို မြို့အဖြစ်ပြောင်းလဲဖွဲ့စည်းနိုင်ရေးအတွက် (၂၀၀၈) ဥပဒေနဲ့အညီ လွှတ်တော်မှာ တင်သွင်းနိုင်ဖို့ NSCN-K (AM) အဖွဲ့က တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ( NSPNC) နဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ ( NSCN-K) (AM) တို့ဟာ မနေ့ကမနက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
သူတို့အဖွဲ့ဟာ ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်း၊လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများနဲ့ စီးပွားရေးလုပ်ငန်းတိုးတက်မှု နောက်ကျကျန်ခဲ့တာမရှိစေရေးအတွက် အစိုးရနဲ့ ပူးပေါင်းသွားမှာလို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် မြို့ပြအင်္ဂါရပ်နဲ့ အညီ လျှပ်စစ်မီး၊ ရေရရှိရေးနဲ့ အခြေခံအဆောက်အအုံဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ တိုးချဲ့လုပ်ဆောင်နိုင်မဲ့ အခွင့်အလမ်းတွေပွင့်လာနိုင်ဖို့ဖြစ်တယ်လို့ သိရပါတယ်။
သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၊ ဦးစီးဌာနများရဲ့ သတ်မှတ်ချက်လုပ်ထုံးလုပ်နည်းများနဲ့ အညီဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
NSPNC ဘက်က နာဂအဖွဲ့ကို ဒေသတွင်းက စစ်တပ်အပြင် အစိုးရဌာနများ နဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ လိုကြောင်း နဲ့ သူတို့ အောက်ခြေရှိလက်နက်ကိုင်တပ်ဖွဲ့ဝင်များအနေနဲ့ ငြိမ်းချမ်းရေးထိခိုက်စေနိုင်တဲ့အပြုအမူများ မပြုလုပ်စေဘဲ စနစ်တကျကြပ်မတ်ပေးစေ လိုကြောင်းတို့ကို ဆွေးနွေးခဲ့ကြတာပါ။
လက်ရှိမှာတော့ ဆွေးနွေးမှုများအရ NSPNC နဲ့ တွေ့ဆုံမှုဟာ ယခုအခါဒုတိယအကြိမ်မြောက် ဖြစ်တယ်လို့သိရပါတယ်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲကို ခန္တီးနဲ့ ဟုမ္မလင်းမြို့နယ်တွေ ထည့်သွင်းဖို့ ဦးသိန်းစိန်အစိုးရ၊ NLD အစိုးရလက်ထက်တွေမှာ တောင်းဆိုမှုတွေရှိခဲ့ပါတယ်။
