
အောက်တိုဘာ ၂၈ ၊ လားရှိုး
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ MNDAA ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေမှာ ဒေသခံဌာနေတိုင်းရင်းသားတွေရဲ့ အခြေခံအခွင့်အရေးနဲ့ ယဉ်ကျေးမှုကို ထိခိုက်နေတယ်ဆိုတဲ့ SSJAC က ထုတ်ပြန်ချက်ကို တာဝန်ခံရမယ်လို့ ကိုးကန့်တပ်က ဆိုပါတယ်။
ကိုးကန့်တပ်တွေရဲ့ အုပ်ချုပ်တဲ့နယ်မြေတွေမှာ ဒေသခံတွေ အသုံးမပြုတဲ့ ဘာသာစကားကို ဖိအားပေးသုံးစွဲခိုင်းတာ၊ မြို့ရွာအမည်ဆိုင်းဘုတ်တွေကို အစားထိုးတာ၊ ပြောင်းလဲတာတွေနဲ့ ကန့်ကွက်ကြတဲ့ ဒေသခံတွေကိုပဲ ဖိအားပေးတာ၊ဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) အောက်တိုဘာ ၂၃ ရက်နေ့က ထုတ်ပြန်ချက်တစ်စောင်ထုတ်ထားတာပါ။
MNDAA ကတော့ ဒီကန့်ကွက်တဲ့ ထုတ်ပြန်ချက်တွေဟာ မြေပြင်အခြေအနေတွေနဲ့ကင်းကွာနေပြီး “ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး” မူဝါဒကိုလည်း ထိခိုက်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေသခံတိုင်းရင်းသားတွေကြား အထင်မြင်လွဲမှားစေတဲ့ လူမျိုးရေးပဋိပက္ခအသွင်ဆောင်လာစေဖို့ တွန်းပို့နေတဲ့လုပ်ရပ်လည်းဖြစ်တယ်လို့ MNDAA က ဆိုပါတယ်။
SSJAC က ထုတ်ပြန်ထားတဲ့ တရုတ်နိုင်ငံသားတွေကို မြေယာပိုင်ဆိုင်မှုပေးတယ်ဆိုတာလည်းမဟုတ်မှန်ပဲ အထူးဒေသ (၁) မှတ်ပုံတင်ကိုင်ဆောင်သူတွေနဲ့ မြန်မာနိုင်ငံသားတွေကသာ ပိုင်ဆိုင်နိုင်ပြီး၊ မြေယာပိုင်ဆိုင်မှုတွေမှာ သတ်မှတ်ထားတဲ့ သက်သေခံကဒ်ပြားတွေ စိစစ်တောင်းခံနေတယ်လို့ဆိုပါတယ်။
အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေမှာ လွယ်ကူစေဖို့ မူလမြို့ရွာအပြင် ကိုးကန့်ဘာသာစကားတွဲဖက်အသုံးပြုတာဖြစ်ပြီး ရိုးရာပွဲတော်တွေကိုလည်းလွတ်လွတ်လပ်လပ်ကျင်းပခွင့်ပြုထားတယ်လို့ဆိုပါတယ်။
ကိုးကန့်တပ်အုပ်ချုပ်နေတဲ့အထူးဒေသ (၁) အခြေအနေတွေကို ထည့်သွင်းထုတ်ပြန်ခဲ့ပြီး တိုင်းရင်းသားအားလုံးတန်းတူညီမျှရေး၊ လွတ်လပ်စွာကိုးကွယ်ခွင့်တွေကို ကျင့်သုံးနေပြီး စည်းလုံးညီညွတ်ပြီး အတူယှဉ်တွဲနေထိုင်ရေးကိုလည်း ကာကွယ်စောင့်ရှောက်မယ်လို့ဆိုပါတယ်။
“ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူ” (Manifesto of Peaceful Coexistence) နဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ရဲ့ အခြေခံမူတွေကို တိုက်ရိုက်ချိုးဖောက်ရာရောက်ပြီး ဒေသတွင်းတိုင်းရင်းသားတွေကြား နားလည်မှုလွဲမှားတာ၊ ယုံကြည်မှုပျက်ပြားတာနဲ့ လူမျိုးရေးပဋိပက္ခတွေ ကြီးထွားလာစေနိုင်တယ်လို့ SSJAC က ဆိုထားပါတယ်။
ကိုးကန့်တပ်ဟာ ရှမ်းပြည်မြောက်ပိုင်းက သိန္နီ၊ကွတ်ခိုင်၊ လောက်ကိုင် မြို့နယ်၊ ကုန်းကြမ်းမြို့နယ်၊ချင်းရွှေဟော်မြို့၊ ပန်ဆိုင်းမြို့၊မုံးကိုးမြို့တွေကို ၂၀၂၃ ခုနှစ်က ဆင်နွှဲခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
