မိုးညှင်း KPDF တပ်ရင်းရဲ့ တပ်ပြေးတွေကို နှစ်ကုန်ပိုင်းအတွင်း ပြန်ဝင်လာဖို့ ပြန်ခေါ်

မိုးညှင်း KPDF တပ်ဖွဲ့ဝင်များကို ၂၀၂၄ ခုနှစ်က ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင်တွေ့ရစဉ်/ Photo_Credit MKPDF

အောက်တိုဘာ ၂၉ ၊ မိုးညှင်း

မိုးညှင်းမြို့က KPDF တပ်ရင်းမှ ထွက်ပြေးသွားတဲ့ တပ်ပြေးအပါအဝင် ခွင့်လွန် နဲ့ ခွင့်မဲ့ ရဲဘော်တွေကို နှစ်လကျော်အတွင်း ပြန်ဝင်လာဖို့ မနေ့က အောက်တိုဘာ(၂၈)ရက်နေ့မှာ သတိပေးအကြောင်းကြားစာ ထုတ်ပြန်လာပါတယ်။

စာထုတ်ပြန်တဲ့ အောက်တိုဘာလကုန်ပိုင်းကနေ နိုဝင်ဘာလ၊ ဒီဇင်ဘာလ လကုန်(၃၁) ရက်နေ့အထိ ရက်ပေါင်း (၆၅) ရက်အတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) + ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF (KPDF ) မိုးညှင်းတပ်ရင်းထံ ကိုယ်တိုင်ပြန်လည်လာရောက်ဖို့ ပြောထားပါတယ်။

“ မိုးညှင်းမြို့နားမှာမှ မဟုတ်ဘူး အင်းတော်ကြီးဘက်လည်းရှိပါတယ်> မနေနိုင်လို့ ထွက်သွားတဲ့သူတွေပေါ့၊ အများအားဖြင့်တော့ ဒေသခံတွေမဟုတ်ဘဲ တခြားနယ်ကနေ သင်တန်းတက်ဖို့ရောက်လာတဲ့ PDF တွေလေ ၊ ဒေသခံတွေလည်း အနည်းအကျဉ်းပါပါတယ်” လို့ မိုးညှင်းမြို့နယ်ရှိ PDF တပ်ဖွဲ့များနဲ့ နီးစပ်သူတစ်ဦးက အခုလိုပြောပြပါတယ်။

အရေအတွက် အတိအကျကိုတော့ ပြန်ခေါ်စာထဲ ထည့်သွင်းဖော်ပြထားတာမရှိပါဘူး။

စာထုတ်ပြန်တဲ့ရက်ကနေ ဒီနှစ်ကုန်အထိ သတ်မှတ်ထားတဲ့ကာလအတွင်း ပြန်ဝင်လာတဲ့ ရဲဘော်တွေကို ပြစ်ဒဏ်လျော့ပေါ့ပေးသွားမယ်လို့ဆိုပါတယ်။

တကယ်လို့ ကိုယ့်သဘောနဲ့ကိုယ် ဝင်ရောက်လာခြင်းမရှိဘဲ ဖမ်းဆီးရမိမယ်ဆိုရင် စစ်စည်းမျဉ်းစည်းကမ်းတွေအတိုင်း အရေးယူသွားမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

မိုးညှင်းမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်မတိုင်ခင် အစောပိုင်းကာလတွေမှာ တပ်ကနေ ထွက်ခွာခွင့်ရလို့ ထွက်ခွာခဲ့တဲ့ တပ်သားအများအပြားရှိခဲ့ပြီး အဲကနေနောက်ပိုင်းမှာ ပြည်ပထွက်ခွာရှောင်တိမ်းသူတွေများပါတယ်။

” အဲတုန်းက (၂၀၂၃) ထွက်တဲ့သူအတော်များများက တပ်ကနေထွက်ခွင့်ရလို့ ထွက်ကြတာများတယ် ၊ အခုပြန်ခေါ်နေတဲ့ဟာတွေက ဘယ်လိုပြန်ခေါ်တာလည်းတော့သေချာမသိဘူး ” လို့ သူကဆိုပါတယ်။

ကနဦး ဖွဲ့စည်းခဲ့တဲ့ မိုးညှင်း PDF အများစုဟာ ၂၀၂၁ ခုနှစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသား/သူ တွေဖြစ်ပြီး မိုးညှင်းမြို့အနီးက ထန်းတပင်ကျေးရွာနဲ့ နန့်ဆော်လော်ကျေးရွာ အနီးရှိ တောင်တစ်ဝိုက်မှာ လှုပ်ရှားကြတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *