မြန်မာစစ်တပ်က သုံးနှစ်နီးပါးအတွင်း စစ်မှုထမ်း တစ်သိန်းကျော် စုဆောင်းထားဟု ISP Myanmar ဆို

အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းပွဲတစ်ခုကိုတွေ့ရစဉ်/ Telegram – ပြည်သူ့စစ်မှုထမ်း

အောက်တိုဘာ  ၃၀ ၊ နေပြည်တော်

စစ်မှုထမ်းဥပဒေအတည်ပြုကျင့်သုံးတဲ့   ၂၀၂၄ ခုနှစ်ကနေ အခုနှစ် အောက်တိုဘာလအထိ မြန်မာစစ်တပ်က လူပေါင်း (၁၃၆,၃၀၀) ကျော်ကို  စစ်မှုထမ်းအဖြစ် စုဆောင်းထားနိုင်တယ်လို့  မြန်မာ့မဟာဗျူဟာနဲ့မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) က မနေ့က သုံးသပ်ချက်ထုတ်ပြန်လာပါတယ်။

အခု စစ်တပ်ရဲ့ တပ်သားသစ်စုဆောင်းမှု အပတ်စဉ် ၂၉ အထိ ရောက်ရှိလာခဲ့ကာ အပတ်စဉ်တစ်ခုကို တပ်သား  ၄၇၀၀ ကျော် စီ စုဆောင်းခဲ့ပါတယ်။

စစ်မှုထမ်းဥပဒေမသတ်မှတ်ခင်ကထက် အခုတပ်သားသစ်စုဆောင်းနိုင်မှုဟာ တစ်နှစ်ကို  ရှစ်ဆအထိ မြင့်တက်လာပြီး တစ်နှစ်လျှင် လူပေါင်း  ၅၆၄၀၀ ကျော်အထိ စုဆောင်းနိုင်နေကြောင်း ဆိုထားပါတယ်။

၂၀၂၄ ခုနှစ်မတိုင်မီက  တစ်နိုင်ငံလုံးရှိ တပ်ရင်း ၊တပ်မနဲ့ တိုင်းစစ်ဌာနချုပ် အားလုံးစုစုပေါင်း တစ်နှစ်ကို  ၇ ထောင်ကျော်ဘဲ စုဆောင်းနိုင်ခဲ့ကြောင်း သိရပါတယ်။

အခုအရေအတွက်တွေဟာ စစ်တက္ကသိုလ် (Defence Services Academy – DSA) ကျောင်းဆင်းနဲ့  Officers Training School – OTS တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းဆင်းတဲ့သူတွေကို ထည့်မတွက်ထားဘူးလို့ ဆိုပါတယ်။

စစ်တပ်က ထိန်းချုပ်တဲ့ ဒေသတွေမှာ စစ်မှုထမ်းဆောင်ရခြင်းကို အကြောင်းပြပြီး ခရီးသွားလာသူတွေကို အဓမ္မခေါ်ဆောင်တာ၊ ပေါ်တာဆွဲတာ နဲ့ အသက်မပြည့်သေးသူတွေကိုပါ   ခေါ်ဆောင်တာတွေပြုလုပ်နေကြကြောင်း  မြို့နေလူထုအကြား ဝေဖန်မှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

ဒီကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်မှာ ဥပဒေပြင်ပဖမ်းဆီးမှုတွေကို ထိန်းကျောင်းဖို့ ၊ ဂုဏ်ထူးအဆင့်အတန်းကြောင့် ကင်းလွတ်ခွင့်ပေးတာမျိုးတွေကို စိစစ်ဖို့နဲ့  အနုပညာနယ်ပယ်က   မည်သူမဆို မခွဲခြားဘဲ  စစ်မှုထမ်းညီညီမျှမျှခေါ်ဆောင်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက တောင်းဆိုထားမှုတွေရှိပေမယ့် ပြုပြင်တာတွေမရှိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လမှာ စစ်မှုထမ်းတွေနဲ့ပတ်သက်ပြီး အတင်းအဓမ္မဖမ်းဆီးတာ ၊ လူစားထိုးတာတွေကို မြို့ပြတွေမှာ တွင်တွင်ကျယ်ကျယ်ဖြစ်လာခဲ့ပြီး လွှတ်တော်ထဲဆွေးနွေးမှုအထိဖြစ်ပေါ်ခဲ့ပါတယ်။ 

စစ်မှုထမ်းဥပဒေထဲမှာတော့ အမျိုးသား အသက် (၁၈) နှစ်ကနေ (၃၅)နှစ်အတွင်းနဲ့ အမျိုးသမီး (၁၈)နှစ်ကနေ (၂၇) နှစ်အတွင်း အကျုံးဝင်တဲ့သူတွေကို နံပါတ်စဉ်အလိုက် ဆင့်ခေါ်စာတွေနဲ့ ခေါ်ဆောင်ပြီး စစ်မှုထမ်းကာလ နှစ်နှစ်သတ်မှတ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *