
အောက်တိုဘာ ၃၀ ၊ ဂျနီဗာ
မြန်မာနိုင်ငံမှာ ကြီးထွားလာနေတဲ့ တရားမဝင်စီးပွားရေးလုပ်ငန်းတွေဟာ စစ်ပွဲရဲ့ နောက်ဆက်တွဲအကျိုးဆက်တစ်ခုသာမဟုတ်တော့ဘဲ စစ်ပွဲကို ဆက်လက်ဖြစ်ပွားစေတဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်လာနေတယ်လို့ ကုလအထူးအစီရင်ခံစာတင်သွင်းသူက သတိပေးပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စကယ်လီကာရီက ကုလသမဂ္ဂမှာ အောက်တိုဘာလ ၂၉ ရက်နေ့u မြန်မာ့နိုင်ငံရဲ့အခြေအနေတွေအကြောင်း အစီရင်ခံတင်သွင်းခဲ့ပါတယ်။
အရပ်သားတွေ သေဆုံးနေမှု၊ အရပ်သားတွေအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေမှု၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ပိတ်ပင်ထားမှုများ နဲ့ လူမှုဘဝစီးပွားရေးတွေအကြောင်းကို တင်သွင်းခဲ့တာပါ။
ဒါ့အပြင် စစ်ပွဲတွေနဲ့ စီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှုအလွဲအမှားတွေကြောင့် တရားဝင်စီးပွားရေးလုပ်ငန်းတွေ ကျဆင်းလာချိန်မှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ၊ တရားမဝင်သတ္တုတူးဖော်ရေးလုပ်ငန်းတွေ၊ လူကုန်ကူးမှုနဲ့ အဓမ္မလုပ်အားပေးခိုင်းစေမှုတွေလို ရာဇဝတ်မှုဆိုင်ရာ လုပ်ငန်းတွေက အစားထိုးနေရာယူလာတယ်လို့ ဆိုပါတယ်။
အဲဒီတရားမဝင်လုပ်ငန်းတွေက ရရှိတဲ့ အကျိုးအမြတ်တွေကို စစ်တပ်ရဲ့ လက်နက်ဝယ်ယူရေးလုပ်ငန်းတွေမှာ အသုံးပြုနေပြီး တရုတ်နဲ့ ရုရှားနိုင်ငံတွေကနေ လက်နက်ဝယ်ယူတာတွေအပြင် စစ်ကောင်စီအတွင်း သစ္စာခံမှုကို ထိန်းသိမ်းထားဖို့လည်း အသုံးပြုနေတယ်လို့ မစ္စ အက်ကဲလ်စ်-ကာရီက ရှင်းပြပါတယ်။
မြန်မာနိုင်ငံအတွင်းရှိ ရာဇဝတ်မှုဆိုင်ရာ လုပ်ငန်းအများစုရဲ့ အဓိကကျောရိုးဟာ တရုတ်နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းကွန်ရက်တွေ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
အဲဒီကွန်ရက်တွေဟာ Cryptocurrency လိုငွေကြေးပလက်ဖောင်းတွေနဲ့ TikTok၊ Meta၊ X လို လူမှုကွန်ရက်ပလက်ဖောင်းတွေကို အသုံးပြုပြီး သူတို့ရဲ့ လုပ်ငန်းတွေကို လည်ပတ်ဆောင်ရွက်နေကြတာပါ။
ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်သွင်းသူ ရဲ့ အစီရင်ခံစာအသစ်အရ အာဏာသိမ်းချိန်ကနေ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်အထိ စစ်တပ်ရဲ့ လက်ချက်ကြောင့် အရပ်သား ၈,၃၈၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ဆိုပါတယ်။
