
နိုဝင်ဘာ ၆ ၊ ဗန်းမောက်
လွှတ်တော်ကိုယ်စားလှယ်တွေ လစ်လပ်နေတဲ့ မြို့နယ်တွေအတွင်း လာမယ့် ၂၀၂၇ ခုနှစ် ဧပြီလမှာ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပသွားမယ်လို့ ရွေးကောက်ပွဲကော်မရှင် (UEC ) က မနေ့ကထုတ်ပြန်လာပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ထဲ ဗန်းမောက်၊ထီးချိုင့်၊ အင်းတော် ၊ ကောလင်း၊ ပုလဲ၊ ယင်းမာပင်၊ တန့်ဆည် စတဲ့ (၇)မြို့နယ်ထည့်သွင်းထားပါတယ်။
နောက်ထပ် တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မှာတော့ ဒီ(၇)မြို့နယ်အပါအဝင် ရွှေဘို၊ဇီးကုန်း၊ သဲကုန်း စတဲ့ မြို့နယ်တွေပါဝင်ပြီး စုစုပေါင်း (၁၀)မြို့နယ် ပါဝင်မှာပါ။
ဒီထဲ အခု (၂၀၂၆) ခုနှစ်မှာ စစ်တပ်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် (SNA) တပ်ဖွဲ့တို့ ပြန်လည်ထိန်းချုပ်ပြီး ဒေသခံတွေ ပြန်လည်ဝင်ရောက်နေထိုင်နေပြီဖြစ်တဲ့ စစ်ကိုင်းတိုင်းက ဗန်းမောက်မြို့ပေါ် နဲ့ အနောက်ခြမ်းကျေးရွာအုပ်စု အားလုံး ပါဝင်ပါတယ်။
SNA ထိန်းချုပ်ကျေးရွာအုပ်စုတွေဖြစ်တဲ့ မြစ်သေးချင်းကျွဲကောကုန်း၊ စက်တော၊ ကံရွာ၊ပင်ဟင်းခါး၊လေးသီ၊ ပင်ပုံ၊ မံလောင်ပေပင်၊ နောင်ပတ်၊နန့်မား ၊မံအင် ၊နားနန့်ထွန် စတဲ့ကျေးရွာအုပ်စု အားလုံးမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသွားမှာပါ။
နောက်ထပ် ဗန်းမောက်မြို့နဲ့ ကပ်လျက် အင်းတော်မြို့ပေါ် ရပ်ကွက်တွေ အပါအဝင် နန့်ခင့်ကျေးရွာအုပ်စုနဲ့ လယ်ပြင်ကျေးရွာအုပ်စုတွေကိုလည်းကျင်းပမယ့်အထဲ ထည့်သွင်းထားပါတယ်။
အင်းတော်မြို့နဲ့ ဒီကျေးရွာတွေကို ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှာ စစ်တပ်ကပြန်လည်သိမ်းပိုက်ခဲ့တာပါ။
ဒါပေမယ့် အခုရက်ပိုင်းတွေအထိ အင်းတော်မြို့နယ်အတွင်းက ကျေးရွာအချို့မှာ တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားမှုရှိနေပြီး နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေဆဲလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၂၄ ခုနှစ်မှာ ပြန်သိမ်းခဲ့တဲ့ ကောလင်းမြို့လည်းပါဝင်သလို အခုနှစ်အတွင်းပြန်ထိန်းချုပ်နိုင်ခဲ့တဲ့ ထီးချိုင့် မြို့ပေါ်၊ မြတောင်ကျေးရွာအုပ်စုနဲ့ မောင်းကုန်းကျေးရွာအုပ်စုတို့ ပါဝင်ပါတယ်။
ဒီကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်သူအကုန်ယူစနစ် (FPTP) တစ်ခုတည်း ကျင်းပမှာဖြစ်ပြီး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၃၄)နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၅)နယ်၊ တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော် (၁၆)နယ် ထည့်သွင်းထားပါတယ်။
