
နိုဝင်ဘာ ၆ ၊ ကောလင်း
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ကောလင်းမြို့နယ် လျှော်ဖြူကုန်းကျေးရွာမှာရှိတဲ့ NUG ရဲ့ ဆေးရုံတစ်ခုတိုက်ခိုက်ခံရပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ဆက်လုပ်သွားမယ်လို့ ကတိပြုကြောင်း ဒီနေ့မှာ ထုတ်ပြန်လာခဲ့ပါတယ်။
နိုဝင်ဘာလ ၄ ရက်နေ့ ညပိုင်းမှာ စစ်တပ်က လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ဆေးရုံအတွင်းတာဝန်ထမ်းဆောင်နေတဲ့ CDM ဆရာဝန် ဒေါက်တာဇာနည်ထွန်း (ခ) ပွကြီး နဲ့ ကျန်းမာရေးဝန်ထမ်း တစ်ဦးသေဆုံးခဲ့တယ်လို့ NUG က ဆိုပါတယ်။
ဆေးရုံတိုက်ခိုက်ခံရမှုကို တရားဥပဒေအရ အရေးယူနိုင်ဖို့အတွက် လုပ်ဆောင်သွားမှာဖြစ်သလို စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်နေသူတွေအားလုံးအနေနဲ့လည်း လက်တွဲဖြုတ်ဖို့ကို သတိပေးထားပါတယ်။
ဒီတိုက်ခိုက်ပြီးတဲ့နောက်ပိုင်းမှာ ကောလင်းမြို့နယ်ထဲမှာ ဆေးကုသရေးဆိုင်ရာလုပ်ငန်းတွေရပ်ဆိုင်းသွားကြောင်း ဒေသခံ တော်လှန်ရေးလူမှုကွန်ရက်စာမျက်နှာကနေ အသိပေးထားကြပါတယ်။
ဒီလိုတိုက်ခိုက်မှုတွေဟာ ဂျီနီဗာ ကွန်ဗင်းရှင်းများ၊ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်း၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေးနဲ့ လူ့အခွင့်အရေးဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့ NUGက ဆိုပါတယ်။
Insecurity Insight ရဲ့ Global Health Map အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၆ စက်တင်ဘာလအထိ ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက်မှု စုစုပေါင်း ၁,၉၇၇ ခု၊ ဆေးရုံဆေးခန်းများ ထိခိုက်ပျက်စီးမှု ၅၂၁ ခု၊ ကျန်းမာရေးဝန်ထမ်း သတ်ဖြတ်ခံရမှု ၁၇၆ ဦး၊ ဖမ်းဆီးခံရမှု ၉၉၅ ဦး ရှိတယ်လို့ သိရပါတယ်။
ကောလင်းမြို့ဟာ NUG က ပထမဆုံး တိုက်ခိုက်သိမ်းပိုက်ဖူးတဲ့ ခရိုင်အဆင့်မြို့တစ်ခုဖြစ်ပြီးတော့ တစ်နှစ်ကျော်ကြာ သိမ်းပိုက်စိုးမိုးထားပြီး ၂၀၂၄ ခုနှစ်မှာ ပြန်လည်လက်လွှတ်ခဲ့တာလည်းဖြစ်ပါတယ်။
အဲ့ဒီနောက်ပိုင်းမှာလည်း မြို့ပေါ်ကလွှဲပြီး ကျေးလက်ဒေသများ ၊ ဗျူဟာလမ်းပိုင်းတွေကို NUG က ဆက်လက်ထိန်းချုပ်ထားပြီး ဒေသန္တရအုပ်ချုပ်ရေးတွေကို လည်ပတ်နေခဲ့တာ လက်ရှိအချိန်ထိဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်ခဲ့တဲ့နေရာအနီးတဝိုက်ကိုလည်း စစ်တပ်ရဲ့ စစ်ကြောင်းတွေက နီးကပ်လာနေပြီလည်းဖြစ်တယ်လို့ သိရပါတယ်။
