မော်လူးမြို့တွင်း ပိတ်မိနေတဲ့ ကားယာဉ်တန်းတွေမှာ  ဒရုန်းဆက်တိုက်ကျရောက်ပေါက်ကွဲနေ

နိုဝင်ဘာ ၆၊ မော်လူး

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးမြို့တွင်းမှာ ပိတ်မိနေတဲ့ ကုန်တင်ယာဉ်တန်းတွေမှာ ဒရုန်းကျရောက်ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်နေတယ်လို့ သိရပါတယ်။ 

မော်လူးမြို့အနီးတဝိုက်မှာ   စစ်တပ်နဲ့ KIA+PDF ပူးပေါင်းတပ်များတိုက်ပွဲဖြစ်ပွားနေမှုကြောင့် ပိတ်မိနေတဲ့ ခရီးသည်တင်ကားများ၊ ဆီဘောက်ဆာကားများနဲ့ ကုန်တင်ကားများအားလုံးကို မြို့အဝင်အထွက်ပိတ်ပင်ထားတာဖြစ်ပါတယ်။ 

ပိတ်မိနေတဲ့ ယာဉ်တန်းများနဲ့အတူ ခရီးသွားတွေကို နဘားကျေးရွာဘက်သို့ အရေးပေါ်ပြောင်းရွေ့မှုတွေလုပ်ဆောင်ကြဖို့  အင်းတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ)က မနေ့က နိုဝင်ဘာ ၅ ရက်နေ့မှာ စာထုတ်ထားပါတယ်။

“ စီပိန်းမှာ ဆီကားတွေအများကြီးပဲရွာထဲမှာဆိုတော့ ဘေးနားကလယ်ပြင် လယ်ကွင်း တွေဘက်ကို ပြန်‌‌ရွေ့ခိုင်းတယ်ထင်တယ်၊ အကုန်လုံးတော့ပိတ်ထားတာပါပဲ” လို့ ယာဉ်မောင်းတွေနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးထံမှ သိရပါတယ်။ 

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွင် လက်နက်ကြီးများနဲ့ ဒရုန်းဗုံးဆက်တိုက်ကျရောက်နေမှုကြောင့်  စက်သုံးဆီတင်ဘောက်ဆာကားများကို အဓိကပြောင်းရွေ့မှုတွေ လုပ်ဆောင်ခိုင်းနေတာဖြစ်တယ်လို့သိရပါတယ်။ 

ဒီနေ့ မနက်ပိုင်းအစောပိုင်းမှာလည်း  မော်လူးမြို့အတွင်းက ဒရုန်းဗုံးတစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေရှိခဲ့တာပါ။ 

လက်ရှိမှာတော့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေမှုကြောင့် ကားသမားများနဲ့ ခရီးသည်များဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

မနေ့က နိုဝင်ဘာ (၅) ရက်နေ့ မနက်ပိုင်းတွင် မော်လူးမြို့ အတွင်းအထက်တန်းကျောင်းရှေ့မှာ ဒရုန်းဗုံးကျရောက်ပေါက်ကွဲခဲ့တာကြောင့် အချဉ်ပေါင်းသည် အမျိုးသမီး(၁) ဦးထိခိုက်ပြီး ကား(၁) စီးလည်း မီးလောင်ခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း မန္တလေးမြို့ကနေ မြစ်ကြီးနားကိုတက်လာတဲ့ စစ်ယာဥ်တန်းတွေကို လမ်းပိုင်းတစ်လျှောက်မှာ တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကားတစ်ချို့ မီးလောင်ပျက်စီးမှုဖြစ်ပွားခဲ့ပြီးတဲ့နောက် အခုချိန်ထိစစ်ရေးတင်းမာနေဆဲလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *