ရှမ်းတောင်ပိုင်းမှ စစ်ကိုင်းတိုင်းအတွင်းသို့ ဖြန့်ချိသယ်ဆောင်တဲ့  ကျပ် ၅ ဘီလီယံတန် မူးယစ်ဆေးဝါးတွေကို ဖမ်းမိ

နိုဝင်ဘာ ၂၇ ၊ စစ်ကိုင်း 

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်မှ မန္တလေးမြို့ကိုဖြတ်ပြီး  စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အထိ သယ်ဆောင်ဖြန့်ချိမယ့် ကျပ် ၅ ဘီယီလံတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဆိုပါတယ်။ 

ဖမ်းဆီးရမိတဲ့ ဘိန်းဖြူ စုစုပေါင်း ၄၈.၄ ကီလို နဲ့ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၁၉.၅ သိန်း ခန့်ကို မန္တလေးနဲ့ စစ်ကိုင်းမြို့တွေမှာ နိုဝင်ဘာလအတွင်း ဖမ်းဆီးရမိခဲ့တာလို့ သတင်းထုတ်ပြန်ပါတယ်။ 

အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၁၇ ရက်အတွင်း ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ ၁၇ ရက်နေ့မှာ  အမရပူရမြို့နယ်၊ ရှားတောလေးရွာအနီးမှ CANTER ယာဉ်ပေါ်မှာ  ဘိန်းဖြူ ၂၂ ကီလိုနဲ့အတူ လူ ၂ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ 

မူးယစ်ဆေးဝါးသယ်ဆောင်ဖြန့်ချိမှုကို တစ်လနီးပါးကြာ စစ်ဆေးဖမ်းဆီးမှုတွေထဲ  လူပေါင်း ၂၀ ကျော်ကိုဖမ်းဆီးရမိထားတာလည်းဖြစ်ပါတယ်။ 

CCDAC ရဲ့ ထုတ်ပြန်ချက်အရ ဘိန်းဖြူများကို ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် (ပင်လောင်း) မှ မန္တလေးသို့ သယ်ဆောင်ရောင်းချပြီး မန္တလေးမှတစ်ဆင့် စစ်ကိုင်းတိုင်း ကလေးမြို့သို့ ဆက်လက်ပို့ဆောင်ခြင်းဖြစ်တယ်လို့ဆိုထားပါတယ်။ 

စိတ်ကြွဆေးပြားတွေကို  မန္တလေးမှ ကလေးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ပြီး တမူးမြို့နေ လားရီအဲ (ခ) သားကြီး (ခ) အဲငါက သယ်ခိုင်းသူဖြစ်ပြီး သူ့ကိုလည်းဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးလို့ဆိုပါတယ်။

နိုဝင်ဘာလအတွင်းမှာ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း  ငွေကျပ် ၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၃၃ သိန်းကျော် ကိုဖမ်းဆီးရမိခဲ့ပြီး  ရှမ်းတောင်မှ မန္တလေး၊ ကလေး-တမူးအထိ မူးယစ်ဆေးဝါးသယ်ယူရောင်းချတာဖြစ်တယ်လို့ တရားခံတွေက ဆိုထားပါတယ်။ 

တစ်လအတွင်းမှာ ကျပ် ၁၀ ဘီလီယံတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့နယ်အတွင်းမှာ ဖမ်ဆီးရမိခဲ့တာဖြစ်ပြီး မူးယစ်ဆေးဝါးရောင်းချသူ နဲ့ လက်ခံမယ့်သူတွေကိုတော့ ဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးလို့ CCDAC ရဲ့ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။ 

နိုဝင်ဘာလတစ်လအတွင်းမှာ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုဟာ ကျပ်တန်ဖိုးအားဖြင့် ၁၅ ဘီလီယံကျော်ဖမ်းဆီးခဲ့ပြီး အဓိကရောင်းဝယ်သူများဟာ လွတ်မြောက်နေဆဲလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *