
နိုဝင်ဘာ ၂၇၊ နေပြည်တော်
စစ်မှုထမ်းခေါ်ယူမှုတွေမှာ အဓမ္မခေါ်ဆောင်တာနဲ့ ငွေကြေးကောက်ခံမှုတွေရှိနေပြီး ပြည်သူတွေဆီကနေ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ထံ တိုင်ကြားမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
“ နိုင်ငံတော်အတွက် အရေးကြီးတဲ့ ကိစ္စရပ်ဖြစ်တဲ့အတွက် စည်းကမ်းတကျ ဆင့်ခေါ်မှုကို အလေးထားရန်၊ အဆင့်ဆင့်ထားရှိတဲ့ လမ်းညွှန်မှုများကိုသာ လိုက်နာကြရန် နဲ့ ဥပဒေ၊ နည်းဥပဒေများနဲ့ အညီ စနစ်တကျ စီမံဆောင်ရွက်ဖို့လိုအပ်တယ်” လို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဆိုထားပါတယ်။
မနေ့က နိုဝင်ဘာ ၂၆ ရက်နေ့ နေပြည်တော်မှာကျင်းပတဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟို အဖွဲ့အစည်းအဝေးမှာ သူကပြောဆိုခဲ့တာပါ။
“ ဘာအကြောင်းပြချက်မှ မပေးဘူး၊အိမ်ထိလာခေါ်သွားတာ မလိုက်ဘူးဆို ပိုက်ဆံပေးရမှာပေါ့၊ ရပ်ကွက်လူကြီးက ကြားထဲကပွဲစားလိုမျိုးပေါ့၊ သိန်း ၁၀၀ လောက်တောင်းတယ်၊ ဆွဲခံရတဲ့သူကလည်း ပိုက်ဆံမလိုက်နဲ့တော့ပေါ့ ၊လိုက်ရင်လည်းဘာမှမထူးဘူးပိုက်ဆံပဲကုန်မှာဆိုပြီး ဝင်သွားရတာ။ “ လို့ မန္တလေးမြို့မှာ စစ်သားစုဆောင်းခံရသူနဲ့ နီးစပ်သူတစ်ဦးကပြောပြပါတယ်။
လက်ရှိမှာတော့ မြို့နယ်အများစုက ဒေသခံများမှာ စစ်မှုထမ်းမပါစေရန်အတွက် လစဉ်ငွေပေးဆောင်နေရတာတွေလည်းရှိတယ်လို့သိရပါတယ်။
တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေမှာ နယ်မြေအခြေအနေပေါ်မူတည်ပြီး အဓမ္မဆင့်ခေါ်မှုများနဲ့ ငွေကြေးတောင်းခံမှုများ မရှိစေဖို့ လိုအပ်တယ်လို့ ဗိုလ်ချုပ်ကြီး ရာပြည့်က ပြောပါတယ်။
အဲဒီ အတင်းအဓမ္မခေါ်ဆောင်မှုများနဲ့ ငွေကြေးတောင်းခံမှု ပြစ်မှုကျူးလွန်ထားတဲ့သူတွေကို ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ သိရပါတယ်။
စစ်မှုထမ်းအလှည့်ကျ ခေါ်ဖို့အတွက် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ ပေါင်းပြီး စစ်မှုထမ်းအကျုံးဝင်အင်အားစာရင်းကို ကောက်ခံပြီး မှတ်ပုံတင်ထားမယ်လို့ သိရပါတယ်။
မြို့ပြတွေနဲ့ ကျေးလက်ဒေသတချို့မှာ စစ်မှုထမ်းဆောင်ရင် လစဉ်ကြေးအတွက် တစ်ဦးကို ငွေကျပ် ၅သောင်း နဲ့ ၁ သိန်းကြား ပေးဆောင်နေရမှုတွေလည်းရှိနေတာဖြစ်ပါတယ်။
