ဩဂုတ် ၁၃ ၊ အင်းတော်ကြီး
စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း မြေဩဇာစျေးနှုန်းများ တစ်ဆကျော်မြင့်တက်မှုကြောင့် တောင်သူများ အခက်ကြုံနေရကြောင်း စုံစမ်းသိရှိရသည်။
“ မနှစ်က တစ်အိတ်ကို သုံးသောင်း ဒီနှစ်ကတစ်အိတ်ကိုခြောက်သောင်းတဲ့ မြေဩဇာက” ဟု အင်းတော်ကြီးဒေသက တောင်သူတစ်ဦးကပြောသည်။
ထိုစျေးနှုန်းမြင့်တက်မှုကြောင့် တောင်သူတချို့ ဝယ်မသုံးနိုင်သည့် တောင်သူများရှိသလို ၊ လျော့ပြီး အသုံးပြုရသူများလည်းရှိလာခဲ့ကြောင်း သိရသည်။
“ လယ်က ဆယ့်ငါးဧကရှိတယ်။ဒါကို နှစ်ဆယ့်နှစ်လောက်ထည့်တယ်။စပါးကတော့ တစ်ထောင်ကျော်လောက်ရတယ်။ ဒီနှစ်က တစ်ဝက်တောင် မထည့်နိုင်ဘူးဆိုတော့ ဘယ်လိုလာမလည်းမသိတော့ဘူး” ဟု အင်းတော်ကြီး အင်းမြှီးဒေသမှ တောင်သူတစ်ဦးက ဆိုသည်။
စစ်ကောင်စီ အာဏာသိမ်းပြီး (၃) လအထိ မြေဩဇာစျေးနှုန်းများက မူလအတိုင်းရှိနေခဲ့သော်လည်း စပါးစိုက်ပျိုးရာသီရောက်သည့်အချိန်တွင် စျေးနှုန်းရုတ်တရက်မြင့်တက်လာခဲ့ကြောင်း စျေးကွက်အတွင်း စုံစမ်းသိရှိရသည်။
စစ်တပ်က အာဏာသိမ်းမှုအပါအဝင် ကိုဗစ်၁၉ ရောဂါကြောင့် လမ်းပန်းဆက်သွယ်ရေးတချို့ ပြတ်တောက်မှုများကြောင့် မြေဩဇာစျေးနှုန်း မြင့်တက်ကြသည်ဟု တောင်သူများက ပြောဆိုကြသည်။
ယခုနှစ်တွင် တောင်သူများလည်း ကုန်စျေးနှုန်းကြီးမြင့်မှု ၊ ရာသီဥတုဖောက်ပြန်မှုများ နှင့် ရင်ဆိုင်နေရပြီး စိုက်ပျိုးရေးချေးငွေလည်း မရရှိသူများစွာရှိနေကြောင်း သိရှိရသည်။