
ဇူလိုင် ၁၇၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ်မှာ အခြေခံကုန်စည်တွေနဲ့ စက်သုံးဆီများ ဝင်ရောက်မှု နည်းပါလာတာကြောင့် လက်လုပ်လက်စားတွေနဲ့ ကုန်စည်ပို့ဆောင်ရေး စက်လှေသမားတွေ အခက်ခဲဖြစ်နေတယ်လို့ သိရပါတယ်။
ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းဖြစ်တဲ့ အင်းတော်-ဗန်းမောက်လမ်းပိုင်းကို KIA+PDF ပူးပေါင်းတပ်များက ဖေဖော်ဝါရီလအစကတည်းက ပိတ်ပင်ထားတာဟာ (၅) လကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။
“ဒီနှစ်ကတော့ ကုန်တွေ၊ ဆီကားတွေက သိပ်မဝင်တော့ အဆင်မပြေကြဘူးပေါ့လေ။ ကုန်တွေ၊ ဆီတွေကိုက ဟိုဘက်နဲ့ ညှိလို့ရတဲ့ ကားပဲလာလို့ရတာ။ ဒါကြောင့် ကုန်ကားတွေနဲ့ ဆီကားတွေက မလာနိုင်ကြတာ” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
ဒါ့အပြင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်က အင်းတော်မြို့ကို စစ်တပ်က ပြန်လည်သိမ်းယူပြီးနောက်ပိုင်းမှာလည်း လမ်းပိုင်းအတွင်း သွားလာမှုအားလုံးကို KIA+PDF တပ်တို့က ထပ်မံပိတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။
ဒီလိုပိတ်ဆို့မှုတွေကြောင့် ကုန်စည်စီးဆင်းမှု မရှိတော့ဘဲ ချောင်းကြီးချောင်းမှ ဟုမ္မလင်း-ဗန်းမောက် ကုန်စည်ပို့ဆောင်ရေး ပြေးဆွဲနေတဲ့ စက်လှေသမားများက ကုန်စည်ပျက်စီးမှုတွေကြောင့် မိုးရာသီမှာ လုပ်ငန်းလုပ်ဆောင်နိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။
မနှစ်က ဒီချောင်းကြီးချောင်းမှာ ကုန်စည်ပို့ဆောင်မှုလုပ်ငန်းဟာ ကောင်းမွန်ခဲ့ပေမယ့် အခုနှစ်မှာတော့ ကျဆင်းလာနေတယ်လို့ ဒေသခံစက်လှေမောင်းသူတွေက ပြောဆိုနေကြပါတယ်။
“မနှစ်ကဆိုရင် ဘယ်လိုပဲပြောပြော တစ်ပတ်ကို ၂ ခေါက်၊ ၃ ခေါက်လောက်တော့ စက်လှေ ထွက်ရတယ်။ ဒီနှစ်ကတော့ ကုန်တွေက မဝင်တော့ တစ်ပတ်ကို ၁ ခေါက်တောင် မလွယ်ဘူး” သူက ပြောပါတယ်။
ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်းက သာယာကုန်း၊ မင်းကုန်း၊ ရွှေတော်မှော်၊ နောင်ပွတ်မှော်၊ မကျည်းကုန်းကျေးရွာနဲ့ ဟုမ္မလင်းမြို့နယ်ထဲက ဘိုကုန်း၊ တုံပေ၊ ဆိုင်းကြူ၊ နမ့်စက်ရွာက ဒေသခံတွေဟာ ချောင်းကြီးချောင်းကို မှီခိုပြီးတော့ ကုန်စည်နဲ့ စက်သုံးဆီ ကူးသန်းရောင်းဝယ်ရေးကို လုပ်ဆောင်ကြရတာလည်း ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်ကစလို့ ကုန်စည်စီးဆင်းမှုပြတ်တောက်ရာမှာ ဒီလမ်းပိုင်းကနေသာ အဓိကအအသုံးပြုနေကြရတာလည်းဖြစ်ပါတယ်။
