မြေရှားအပါအဝင်  သတ္ထုကဏ္ဍအတွက် အိန္ဒိယနဲ့ မြန်မာ  ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ပြုလုပ်နေ 

အိန္ဒိယ-မြန်မာ သတ္ထုဆိုင်ရာဆွေးနွေးပွဲ/ India in Myanamr

ဇူလိုင် ၂၃ ၊ မန္တလေး 

မြေရှားသတ္ထုအပါအဝင် သတ္ထုတူးဖော်ရေးနဲ့ သတ္ထုအရင်းအမြစ်ကဏ္ဍတွေမှာ မြန်မာနိုင်ငံနဲ့ အိန္ဒိယတို့အကြား ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဖိုရမ်တစ်ခုကို မန္တလေးမြို့မှာ မနေ့က နဲ့ ဒီနေ့  (၂ )ရက်တာ ပြုလုပ်နေတယ်လို့ အိန္ဒိယကောင်စစ်ဝန်ရုံး မန္တလေးက ထုတ်ပြန်ပါတယ်။ 

ဖိုရမ်ရဲ့  ရည်ရွယ်ချက်က  သတ္တုရှာဖွေရေး၊ ထုတ်လုပ်ရေး၊ သုတေသန နဲ့  လူ့စွမ်းအားဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုနဲ့  ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေမှာ  အိန္ဒိယနဲ့ မြန်မာအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရေးအတွက်လို့ဆိုပါတယ်။ 

မူဝါဒချမှတ်သူများ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့  သတ္တုတူးဖော်ရေးနဲ့ သတ္တုအရင်းအမြစ်ကဏ္ဍမှ သက်ဆိုင်သူများ အချင်းချင်း ချိတ်ဆက်ဆွေးနွေးနိုင်ရေးအပါအဝင် သတ္တုကဏ္ဍဆိုင်ရာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက်လည်း ပါဝင်တာဖြစ်ပါတယ်။ 

အိန္ဒိယ မြေရှားသတ္ထုတူးဖော်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Indian Rare Earth Limited (IREL) လည်း ပါဝင်တက်ရောက်နေသလို အိန္ဒိယ သံအမတ် ၊ ကောင်စစ်ဝန်ချုပ် တို့တက်ရောက်ပြီး မြန်မာနိုင်ငံ MRCCI နဲ့အတူ သတ္တုတွင်းနဲ့ သတ္တုကဏ္ဍမှာ  စီးပွားရေးလုပ်ငန်းရှင်အပါအဝင် သက်ဆိုင်သူပေါင်း အယောက်(၂၀၀) တက်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။ 

အိန္ဒိယဟာ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှာထွက်ရှိတဲ့ မြေရှားတွေကို ရရှိနိုင်ရေးအတွက် ဆွေးနွေးမှုတွေရှိခဲ့ပြီး ၂၀၂၅ ခုနှစ်ကုန်မှာလည်း မြေရှားသတ္ထုတူးဖော်မှုကိုထိန်းချုပ်ထားတဲ့ KIA နဲ့ လျှို့ဝှက်သဘောတူညီမှုတွေရှိခဲ့ကြောင်း သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့တာပါ။

အိန္ဒိယ နဲ့ KIA တို့ ရဲ့ သတ္ထုတင်ပို့ဖို့အတွက်  ပူးပေါင်းဆောင်ရွက်မှုတွေဟာ ချီဖွေမှ အရူနာချယ် ပရာဒေ့ရှ် ပြည်နယ်အထိ လမ်းပိုင်းတစ်ခု နဲ့  စစ်ကိုင်းမှ ချင်းပြည်နယ် ရိခေါ်ဒါအထိ လမ်းပိုင်းတစ်ခုအဖြစ် သဘောတူညီမှုရှိထားတယ်လို့ ရေးသားထားပါတယ်။ 

အိန္ဒိယဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်မှာလည်း  KIA ဆီက မြေရှားသတ္ထုနမူနာကို အိန္ဒိယအစိုးရပိုင် IREL ကုမ္ပဏီမှာ  သယ်ယူပြီးဓာတ်ခွဲမှုတွေပြုလုပ်ထားသလို ဆွေးနွေးပွဲတွေပြုလုပ်ခဲ့ကြပါတယ်။ 

မြန်မာနိုင်ငံက မြေရှားတွေဟာ တရုတ်နိုင်ငံနဲ့ နယ်စပ်ဒေသတွေမှာ အများဆုံးထွက်ရှိပြီး တရုတ်ကိုသာ အဓိကတင်ပို့နေရတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *