
မေ ၂၈ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းမှာ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ စစ်သားစုဆောင်းမှုကနေ ထွက်ပြေးလွတ်မြောက်လာသူ (၅)ဦးကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်မဟာ (၆၁၄ )က မိဘတွေထံ ပြန်အပ်နှံပေးခဲ့တယ်လို့သိရပါတယ်။
မိဘတွေထံပြန်အပ်နှံပွဲကို မေလ ၂၇ ရက်နေ့မှာ ဗန်းမောက်မြို့အနောက်ဘက်ခြမ်းက SNA ထိန်းချုပ်နယ်မြေအတွင်းမှာပြုလုပ်ခဲ့ပါတယ်။
ထွက်ပြေးလွတ်မြောက်လာသူ (၅) ဦးထဲ အမျိုးသမီး (၃) ဦး နဲ့ အမျိုးသား(၂)ဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။
“ ညီမတို့က အထည်သွားသယ်၊ မူဆယ်၊နမ့်ခမ်းဘက်က လာမယ့်အစ်ကိုတွေကိုမစောင့်နိုင်လို့ပြန်ခဲ့တာ။ ပြန်လှည့်တော့ သူတို့တွေနဲ့တွေ့တာ၊ အဲ့မှာ PDF တွေနဲ့တွေ့တာ သူတို့စစ်ဆေးမေးမြန်းဖို့ ခေါ်ထားလိုက်တာ။ ငါးလပိုင်း ၁၅ ရက်နေ့မှာတော့ တရားဝင်ပြောလာတာ အိမ်နဲ့အဆက်အသွယ်ဖြတ်ဖို့၊ မိသားစုနဲ့ မလုပ်ဖို့အတွက်တားလိုက်တော့တာ” လို့ လွတ်မြောက်လာသူ အမျိုးသမီး တစ်ဦးက ပြောပြပါတယ်။
ထွက်ပြေးလာသူတွေဟာ စစ်သင်တန်းတက်ရောက်ရမှာ စိုးရိမ်တာကြောင့် ထွက်ပြေးခဲ့ကြတာဖြစ်တယ်လို့ ဆိုကြပါတယ်။
ဖမ်းဆီးခံရသူအားလုံးဟာလည်း ဗန်းမောက်မြို့နဲ့ ဟုမ္မလင်းမြို့နယ်အတွင်းနေထိုင်ကြတဲ့ ရှမ်းနီတိုင်းရင်းသားတွေဖြစ်ကြပြီး မိမိတို့လုပ်ငန်းလုပ်ကိုင်နေစဉ်အတွင်းဖမ်းဆီးခံရတာလို့ ကူညီဆောင်ရွက်ပေးသူတစ်ဦးက ပြောပါတယ်။
ဗန်းမောက်မြို့နယ်အတွင်းက KIA+PDF ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ဗန်းမောက် တောင်ပိုင်းနဲ့ မြောက်ပိုင်း ဒေသတွေမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အထည်ရောင်းဝယ်ရေးလုပ်ကိုင်နေသူ နဲ့ ရွှေမျှောလုပ်ကိုင်နေသူတွေပါဝင်တယ်လို့ဆိုပါတယ်။
ဗန်းမောက်မြို့နယ်အတွင်းမှာ လက်ရှိစစ်ရေးတည်ငြိမ်မှုရှိနေပြီး ရောင်း/ဝယ်ရေး လုပ်ကိုင်သူတချို့ စစ်သားစုဆောင်းခံရမှုတွေဟာ မကြာခဏဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။
