ဇူလိုင် ၆ ၊ ကောလင်း
PDF ကောလင်း နှင့် စစ်ကောင်စီတပ်တို့ ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှု ခပ်စိပ်စိပ်ဖြစ်လာပြီးနောက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ နုတ်ထွက်စာတင်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ကောလင်းမြို့အနောက်ဘက်ရှိ ဥက္ကံ ၊ သရက်ချဉ် ၊ တောင်ကြား ၊ တဂေါင်းအိုင် ၊ ယင်းတိုက် ၊ ကြို့ပင် ၊ ဆင်ဂေါင်း ၊ ရေကန်သာ ၊ မိုးလျှံ ၊ မင်းကုန်း(ခံသာ) စသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက မိမိဆန္ဒအလျှောက် နုတ်ထွက်စာတင်ခြင်းဖြစ်ကြောင်း ၎င်းတို့၏ နုတ်ထွက်စာ တွင်ရေးသားထားသည်။
ထို့ပြင် စစ်ကောင်စီဖွဲ့စည်းထားသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွင် ဒေသကိုယ်စားပြုပါဝင်သည့် ဦးဝင်းသောင်သည်လည်း ဇူလိုင်လ (၅) ရက်နေ့က နုတ်ထွက်စာ တင်ခဲ့ကြောင်းသိရသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဒုဦးစီးမှူး ဦးချမ်းပြည့်အောင်သည် ၎င်း၏ တာဝန်များကို မထမ်းဆောင်လိုတော့သဖြင့် နုတ်ထွက်စာတင်ထားခဲ့ကြောင်းသိရသည်။
ဇူလိုင်လဆန်းပိုင်းတွင် PDF ကောလင်း နှင့် KIA တို့ပူးပေါင်းပြီး စစ်ကောင်စီတပ် နှင့် တိုက်ပွဲဖြစ်ပွား ပြီး နှစ်ဖက်အကျအဆုံးများရှိခဲ့သည်။