
ဧပြီ ၂၂ ၊ အင်းတော်
ကတူးတိုင်းရင်းသားမျိုးနွယ်စုတွေဟာ လူမျိုးသုဉ်းပျောက်ကွယ်တဲ့ စိန်ခေါ်မှုကြီးတွေနဲ့ ရင်ဆိုင်နေရပြီး လူနည်းစုတိုင်းရင်းသားအဖြစ်သာ လက်ရှိကျန်ရှိနေကြောင်း ကတူးလူငယ်အဖွဲ့ချုပ်က ဒီနေ့မှာ ထုတ်ပြန်ပြောဆိုလာပါတယ်။
ဒီနေ့ ဧပြီလ ၂၂ ရက်နေ့ဟာ ကတူးအမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပလာတာ ၁၇ နှစ်တာရှိခဲ့ပြီဖြစ်ပါတယ်။
(၁၇) ကြိမ်မြောက် ကတူးအမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ကတူးလူငယ်အဖွဲ့ချုပ်က ထုတ်ပြန်ရာမှာလည်း လူမျိုး၊ ဘာသာစကား ၊ ရေမြေတောတောင် မပျက်စီးမပျောက်ကွယ်သွားအောင် လက်ဆင့်ကမ်းထိန်းသိမ်းကြရမယ်လို့ဆိုပါတယ်။
ဗန်းမောက်မြို့နယ် အနောက်ခြမ်းက ရှမ်းနီအမျိုးသားများတပ်မတော် SNA ၊ တပ်မဟာ ၆၁၄ ထိန်းချုပ်နယ်မြေအတွင်းမှာလည်း ကတူးတိုင်းရင်းသားပွဲတော်ကို ကျင်းပနေတာလည်းဖြစ်ပါတယ်။
ဗန်းမောက်မြို့နယ်၊ မံအင်မင်းကုန်းအုပ်စု၊အရှေးကုန်းရွာရိုးရာကွင်းမှာ တတိယအကြိမ်မြောက် ကတူးတိုင်းရင်းသားပွဲတော်ကို ကျင်းပနေတာလို့ ဦးဆောင်ပြုလုပ်နေသူတွေထံကနေသိရပါတယ်။
ကတူးအမျိုးသားနေ့ ကို ၂၀၁၀ ခုနှစ်ကစတင်ပြီး ဧပြီလ ၂၂ ရက်နေ့ကို သတ်မှတ်ခဲ့ကြပြီး ကတူးတိုင်းရင်းသားပြန်လည်စုရုံးတွေ့ဆုံပြီး စာပေနှင့်ရိုးရာယဉ်ကျေးမှုများ ထိန်းသိမ်းမြှင့်တင်ရေးဆွေးနွေးကြတာလည်းဖြစ်ပါတယ်။
ကတူးလူမျိုးတွေဟာ ရှေ့နှစ်ပေါင်းများစွာ ကိုယ်ပိုင်ဝိသေတ၊ ကိုယ်ပိုင် လက္ခဏာ၊ ကိုယ်ပိုင်နယ်မြေတို့နှင့် ကိုယ်ပိုင်အစဥ်အလာတို့ နေထိုင်ခဲ့ကြတဲ့ လူမျိုးတစ်ခုလည်းဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်၊ ဗန်းမောက်နှင့် ပင်လည်ဘူးမြို့နယ်အတွင်းမှာ အများဆုံး နေထိုင်ကြတာလည်းဖြစ်ပါတယ်။
