
ဧပြီ ၂၄ ၊ ဝါရှင်တန်
ထိုင်း-မြန်မာနယ်စပ်ဒေသမှာ အခြေစိုက်တဲ့ “Tai Chang” ငွေလိမ်စင်တာမှ လိမ်လည်ထားတဲ့ ငွေတွေကို ပြန်လည်ရယူဖို့အတွက် သတင်းအချက်အလက်ပေးနိုင်သူတွေကို အမေရိကန်ဒေါ်လာ ၁၀ သန်းအထိ ဆုငွေတွေပေးအပ်သွားမယ်လို့ ကြေညာလာပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါးနဲ့ ဥပဒေစိုးမိုးရေး ဗျူရိုက “ Tai Chang” ရဲ့လိမ်လည်မှုတွေနဲ့ ဆက်ပစပ်တဲ့ ငွေကြေးခဝါချမှုတွေဆီက ငွေတွေကို သိမ်းဆည်းနိုင်ဖို့နဲ့ ပြည်လည်ရယူတာအတွက် ဆုငွေပေးအပ်တာလို့ပြောပါတယ်။
အမေရိကန်အစိုးရရဲ့ ခန့်မှန်းချက်အရ အမေရိကန်နိုင်ငံသားတွေကို ၂၀၂၅ ခုနှစ်မှာ အရှေ့တောင်အာရှအခြေစိုက် လိမ်လည်မှုလုပ်ငန်းများတွေက ပစ်မှတ်ထားခဲ့ပြီးလိမ်လည်မှုကြောင့် အမေရိကန်ဒေါ်လာ ၇.၂ ဘီလီယံကျော် ဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။
Tai Chang အဖွဲ့ဟာ အွန်လိုင်းငွေကြေးလိမ်လည်တဲ့ဂိုဏ်းတစ်ခုဖြစ်ပြီး အဓိကအားဖြင့် cryptocurrency ရင်းနှီးမြှုပ်နှံလိမ်လည်မှုများကို လုပ်ဆောင်နေသော အဖွဲ့အစည်းများစွာဖြစ်ပြီး မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်အတွင်းမှာ အခြေစိုက်ထားတာလို့ဆိုပါတယ်။
အမေရိကန်အစိုးရရဲ့ ဖော်ပြချက်အရ Tai Chang 1.0 မှာ မြဝတီမြို့နယ်၊ ကျောက်ခက်ဒေသက “ကိုစိုင်း” ဒါမှမဟုတ် “ကျောက်ခက်ကာစီနို” ဝင်းအတွင်း၊ Tai Chang 2.0 မှာ “ထိုက်” ဒါမှမဟုတ် “ချန်းစုန်း” (Qingsong) လို့ခေါ်တဲ့ ခြံဝင်းတွေဖြစ်ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်ဒေသက ငွေကြေးလိမ်လည်ဂိုဏ်းတွေနဲ့ အွန်လိုင်းလိမ်လည်ဂိုဏ်းတွေကို ၂၀၂၅ ခုနှစ်အတွင်းမှာ တရုတ်၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံပေါင်းပြီး နှိမ်နင်းခဲ့ကြတာဖြစ်ပြီး လူဦးရေသောင်းနဲ့ချီ ဖမ်းဆီးခံခဲ့ရသလို တရုတ်နိုင်ငံသားတွေနဲ့ ခေါင်းဆောင်ပိုင်းတချို့ကိုလည်း တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့တာပါ။
