စစ်ကိုင်းနဲ့ ကချင်က မြို့နယ် (၁၃) မြို့အပါဝင် မြို့နယ် (၆၀) ကို  အရေးပေါ်အခြေအနေကြေညာပြီး စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန် 

ဧပြီ ၂၄၊ နေပြည်တော်

ပြည်နယ်နဲ့တိုင်း (၉) ခုက မြို့နယ်ပေါင်း (၆၀) ကို ဦးမင်းအောင်လှိုင်က  အရေးပေါ်အခြေအနေတစ်ရပ်ကြေညာပြီးနောက်  စစ်အုပ်ချုပ်ရေး ထုတ်ပြန်တဲ့ထဲ ကချင်ပြည်နယ်က (၅) မြို့နယ်နဲ့  စစ်ကိုင်းတိုင်းဒေသကြီးထဲက (၈ ) မြို့နယ် ပါဝင်တယ်လို့ သိရပါတယ်။

မနေ့က ဧပြီ ၂၃ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး အရေးပေါ်ကြေငြာတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ကချင်ပြည်နယ်က  (၅ )မြို့နယ်မှာ လက်ရှိတွင်  KIA ထိန်းချုပ်ထားတဲ့ နယ်မြေတွေဖြစ်တဲ့ ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော် နဲ့ ချီဖွေ စတဲ့မြို့နယ်တွေ ပါဝင်တာဖြစ်ပြီး စစ်ကိုင်းတိုင်းထဲက ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲ၊ အင်းတော် စတဲ့ မြို့နယ်တွေလည်းပါဝင်နေတာပါ။

NUG ထိန်းချုပ်သိမ်းပိုက်ထားတဲ့ အင်းတော်မြို့နယ်ကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာနေပြီး အချိန်မရွေးတိုက်ပွဲတွေဖြစ်ပွားလာနိုင်ကြောင်း ဒေသကာကွယ်ရေးတပ်တွေက အသိပေးထားပါတယ်။ 

ကျန်ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေဖြစ်တဲ့ ကယား၊ ကရင်၊ ချင်း၊ မကွေး၊ မန္တလေး၊ ရခိုင်နဲ့ ရှမ်းပြည်နယ် ထဲက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ NUG+PDF ထိန်းချုပ်စိုးမိုးနယ်မြေတွေကို အရေးပေါ်အခြေအနေတစ်ရပ်အဖြစ်ကြေညာလိုက်တာပါ။ 

ဒီကြေညာချက်ဟာ ဧပြီလ ( ၂၃) မှစ ရက်ပေါင်း (၉၀ ) အထိ အတည်ဖြစ်တယ်လို့ သိရပါတယ်။

ထုတ်ပြန်ချက်ထဲမှာ အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ကို မူလအခြေအနေပြန်လည်ရောက်ရှိစေဖို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ) အရ စစ်အုပ်ချုပ်ရေးအမိန့်ဖြင့် အဲဒီ မြို့နယ်တွေရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတာဝန်တွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆီ အပ်နှင်းလိုက်တယ်လို့ သိရပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာလိုက်တာကြောင့် ဒီမြို့နယ်တွေက ပြစ်မှုအမျိုးအစား ၂၃ ခုကို စစ်ခုံရုံးကနေ အကျဥ်းနည်းနဲ့ စစ်ဆေးစီရင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *