ဖာကန့်မြို့နယ်လဝကမြို့နယ်မှူးဦးလွင်မြင့်သေနတ်နဲ့ပစ်သတ်ခံရ

ပစ်သတ်ခံရတဲ့ ဖားကန့်မြို့နယ် လဝက ဦးစီးမှူး ဦးလွင်မြင့်ကိုတွေ့ရစဉ်

မတ်၁၃၊ဖားကန့် 

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက် ဝန်ထမ်းအိမ်မှာ နေထိုင်တဲ့ လဝက ဝန်ကြီးဌာနက ဒုဦးစီးမှူး ဦးလွင်မြင့်ကို   မတ်လ ၁၂ ရက်နေ့က နေ့လည်ပိုင်းမှာ သူ့နေအိမ်အတွင်း သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံရတယ်လို့ သူ့ဆွေမျိုးတွေဆီကနေ သိရပါတယ်။ 

ဦးလွင်မြင့် နေအိမ်မှာရှိနေစဉ် နေ့လည် ၁နာရီခွဲ အချိန်ခန့်မှာ ဦးခေါင်းကို ပစ်သတ်ခံခဲ့ရတာဖြစ်တယ်လို့ သေဆုံးသူနဲ့ ဆွေမျိုးတော်စပ်သူ ကပြောပြပါတယ်။

“သူကမြစ်ကြီးနားကလေ ၂၀၁၉ လောက်ကတည်းက တာဝန်ကျတာ၊ ခေါင်းကိုပစ်သွားတာလေ သေနတ်နဲ့ နှစ်ချက်” လို့ သူနဲ့ဆွေမျိုးတော်စပ်သူ တစ်ဦးကပြောပြပါတယ်။

ဦးလွင်မြင့်က မြစ်ကြီးနားမြို့ ဇာတိသားတစ်ဦးဖြစ်ပြီး ဖားကန့်မြို့နယ်ကို ၂၀၁၉ ခုနှစ်မှာ တာဝန်ကျကာ လက်ရှိအချိန်မှာ လဝက ခတ္တမြို့နယ်မှူးအဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ 

သူ့ကို ပစ်သတ်ခဲ့တဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေကို  မသိရှိရသေးသလို  ပစ်သတ်ခံရတဲ့အကြောင်းပြချက်လည်း မသိရှိရသေးပါဘူး။ 

မတ်လအတွင်း အမည်မသိလက်နက်ကိုင်သူတွေရဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့်  မှော်ဝမ်းရပ်ကွက်အတွင်း ပစ်ခတ်ခံရသူ (၃) ဦးသေဆုံးခဲ့ပြီး  ဖားကန့်မြို့နယ်အတွင်းမှာ ဖမ်းဆီးခံရသူတွေလည်း ၁၀ ဦးထက်မနည်းရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *