
ဧပြီ ၂၀ ၊ ဗန်းမောက်
မြို့တစ်ခုလုံးနီးပါး ထိခိုက်ပျက်စီးခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ မြို့တွင်းဝင်ရောက်နေထိုင်သူ ၅၀၀ နီးပါးရှိတယ်လို့ ဒေသခံ ရှမ်းနီလူငယ်အဖွဲ့ထံကနေ သိရပါတယ်။
“ ပြီးခဲ့တဲ့ ၁၀ ရက်နေ့အထိ ဗန်းမောက်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်တဲ့ အိမ်ထောင်စု ၂၀၂ စု ၊ကျား ၂၂၇ ဦး ၊ မ ၂၃၁ ဦး စုစုပေါင်း ၄၅၈ ဦးရှိတယ်” လို့ ဗန်းမောက်ရှမ်းနီလူငယ်တစ်ဦးကပြောပါတယ်။
ဗန်းမောက်မြို့မှာ ရပ်ကွက် (၄)ခုရှိပြီး လွှစင်ကုန်းရပ်ကွက်က ထိခိုက်မှုအများဆုံးဖြစ်ပြီး အဲ့ဒီရပ်ကွက်မှာ ဝင်ရောက်နေထိုင်သူ ၅၇ ဦးရှိတယ်လို့ သိရပါတယ်။
လွှစင်ကုန်းရပ်ကွက်မှာ ၅၇ ဦး ၊ မြို့မရပ်ကွက်မှာ ၁၃၆ ဦး ၊ အောင်သာကုန်းရပ်ကွက်မှာ ၉၂ ဦး ၊ မြနန္ဒာရပ်ကွက်မှာ ၁၇၃ ဦး ဝင်ရောက်နေထိုင်နေပြီလို့ဆိုပါတယ်။
ဗန်းမောက်မြို့မှာ အိမ်ထောင်စု ထောင့်ငါးရာ၊ လူဦးရေ ခြောက်ထောင်ကျော်နေထိုင်တာဖြစ်ပြီး ပြန်လည်ဝင်ရောက်နေထိုင်သူ အရေအတွက် နည်းနေသေးတာလည်းဖြစ်တယ်လို့သိရပါတယ်။
KIA+PDF ပူးပေါင်းတပ်တွေက ဗန်းမောက်မြို့ကို ငါးလဝန်းကျင်ကြာ သိမ်းပိုက်ထိန်းချုပ်ပြီးနောက် ရှမ်းနီအမျိုးသားများတပ်မတော် SNA က ဖေဖော်ဝါရီလမှာ မြို့ကိုပြန်လည်သိမ်းပိုက်ခဲ့တာပါ။
မတ်လ ၁၈ ရက်နေ့မှာ မြို့အတွင်းဝင်ရောက်ကာ နေအိမ်ဝင်းကို ဝင်ရောက်ရှင်းလင်းခွင့်ပြုခဲ့ပြီးနောက် တချို့ကိုနေထိုင်ခွင့်ပြုခဲ့တာလည်းဖြစ်ပါတယ်။
ဗန်းမောက်မြို့ပေါ်ရပ်ကွက် (၄) ခုမှာ နေအိမ် နှစ်ထောင်နီးပါးရှိနေပြီး ဒီထဲမှာ အိမ်ခြေတစ်ထောင်ကျော်ပျက်စီးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဌာနဆိုင်ရာရုံးတွေဖြစ်တဲ့ ထွေအုပ် ၊ မြေတိုင်း ၊ ရဲစခန်း ၊ စီးပွားရေးဘဏ်၊ လယ်ဆည် ၊ မီးသတ်စတဲ့ ရုံးတွေအပြင် မြို့ပေါ်ရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေးကျောင်း ၊ အခြေခံပညာ စာသင်ကျောင်းတွေလည်း ပျက်ဆီးခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံတွေအရ သိရပါတယ်။
ဗန်းမောက်မြို့သိမ်းတိုက်ပွဲကြောင့် ဒေသခံ ထောင်နဲ့ချီဟာ ဗန်းမောက်မြို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေအသီးသီးဆီကို တိမ်းရှောင်ခဲ့ကြတာလည်းဖြစ်ပါတယ်။
