
မေ ၂၈ ၊ မိုးညှင်း
ကချင်ပြည်နယ်၊မိုးညှင်းမြို့အတွင်းရှိ အထက်တန်းကျောင်းတွေကို တခြားဒေသ ၊ ကျေးရွာတွေဆီကနေ ကျောင်းပြောင်းဝင်ရောက်ဖို့အတွက် ကျောင်းဝင်ကြေးအဖြစ် တစ်ဦးကို ကျပ်တစ်သိန်းနီးပါး ပေးဆောင်နေရတယ်လို့ ကျောင်းသားမိဘတွေက ပြောဆိုကြပါတယ်။
“ ငွေမပေးရင်လက်မခံဘူး တစ်ခြားကျောင်းသွားအပ်လိုက်လို့ပဲပြောနေတာ သူတို့က တရားဝင်တောင်းတာတော့မဟုတ်ဘူး အဆင်ပြေချင်ရင်တော့ ပေးလိုက်တာပါ့လေ” လို့ ကျောင်းသားမိဘတစ်ဦးကပြောပါတယ်။
“ ဒီဝင်ကြေးကို နိုင်ငံတော်မှတရားဝင်တောင်းခံတာမျိုးမဟုတ်ဘူးလို့” မိုးညှင်းမြို့သို့ အထက်တန်းကျောင်းအပ်နှံခဲ့သူ ကျောင်းသားမိဘတစ်ဦးက ရှမ်းနီအသံကို အခုလိုပြောပြတာပါ။
ပြီးခဲ့နှစ်မှာတော့ အဆိုပါကျောင်းဝင်ကြေးကို (၆)သောင်းကျပ် ပေးဆောင်ရပြီး ယခုနှစ်မှာ (၉)သောင်းကျပ်တိုးမြှင့်ကောက်ခံတာလာတာကြောင့် တစ်ဆကျော်ထပ်မံမြှင့်တက်ခဲ့တာလည်း ဖြစ်ပါတယ်။
မိုးညှင်းမြို့နယ်အတွင်းမှာ အင်းတော်ကြီးဒေသအပါအဝင် ဖားကန့်ဒေသတွေမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား စစ်ရေးအခြေအနေတင်းမာမှုနဲ့ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ဒေသတွင်းမငြိမ်မသက်မှုတွေ ဖြစ်ပွားနေတာပါ။
ဒေသတွင်းမငြိမ်မသက်မှုတွေကြောင့် စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ခြင်းမရှိတာတွေနဲ့ KIA+PDF ထိန်းချုပ်ထားတဲ့ဒေသက ဖွင့်လှစ်မည့်ကျေင်းများတွင်တက်ရောက်ပညာသင်ကြားပါကလည်း စစ်ကောင်စီတပ်ဖွဲ့များရဲ့ လေကြောင်းရန်ကြောက်ရွံ့မှုတွေကြောင့် ဒီနှစ်မှာ မိုးညှင်းမြို့ပေါ်သို့ ပြောင်းရွှေ့လာမှုများ များပြားနေတာပါ။
ဖားကန့်ဒေသနဲ့အင်းတော်ကြီးဒေသအပါအဝင် စစ်ကိုင်းတိုင်းအတွင်းက စစ်ဘေးတိမ်းရှောင်လာသော ဒေသခံအများစုကလည်း မိုးညှင်းမြို့အတွင်းမှာ နေထိုင်နေကြပြီး ပြောင်းရွှေ့ပညာဆက်လက်သင်ကြားနေတဲ့ ကျောင်းသား/သူများလည်း ရှိနေပါတယ်။
မိုးညှင်းမြို့နယ်အတွင်းမှာ နှစ်ဉ် ကျောင်းသား/သူ ငါးသောင်းဝန်းကျင်ရှိနေပြီး ကျောင်းပေါင်း ၂၀၀ ဝန်းကျင် ဖွင့်လှစ်သင်ကြားနေတာလည်းဖြစ်ပါတယ်။
