
ဧပြီ(၂၄)၊ မိုးညှင်း
ကချင်ပြည်နယ်၊မိုးညှင်းမြို့နဲ့ငါးမိုင်ခန့်ကွာက အုန်းစံဆိုင်ကျေးရွာကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)+PDF ပူးပေါင်းတပ်ဖွဲ့တွေက မနေ့က ဧပြီ(၂၃)ရက် ညနေ(၄)နာရီကျော်အချိန်မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ကျေးရွာအတွင်းနေထိုင်သူများထံမှ သိရပါတယ်။
ကျေးရွာအဝင်မှာ ဂိတ်ထိုင်ထားတဲ့ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကို လာရောက်တိုက်ခိုက်တာဖြစ်ပြီး ကျေးရွာရဲ့ မြောက်ဘက်အရပ်နဲ့ အနောက်အရပ်တို့ကနေ စစ်မျက်နှာသုံးနေရာမှ သုံးဖွဲ့ခွဲချဉ်းကပ်လာတာဖြစ်ကြောင်း ဆိုကြပါတယ်။
“ သူတို့ကအဖွဲ့သုံးဖွဲ့ခွဲပြီး သုံးနေရာကနေ ရွာကိုညှပ်ကပ်လာတာ တစ်ဖွဲ့နဲ့ကထိပ်တိုက်တွေ့ပြီးအပြန်အလှန်ပစ်ကြတာ ပြီးတော့ ကျန်တဲ့အဖွဲ့တွေက သူတို့လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ရွာထဲပစ်ဝင်ကြတာ” အုန်းစံဆိုင်ကျေးရွာသားတစ်ဦးက ပြောပြပါတယ်။
စုစုပေါင်းအင်အားတစ်ရာဝန်းကျင်ရှိတဲ့ ၎င်းတို့တပ်ဖွဲ့များ နဲ့ SNA တပ်ဖွဲ့တို့ ညနေ(၄)နာရီကနေ ည (၈)နာရီအထိ နာရီအတော်ကြာ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး KPDF တပ်ဖွဲ့များက ကျေးရွာအတွင်းအနှံ့အပြားသို့ လက်နက်ကြီးကျည်များပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။
“ တစ်ရွာလုံးကိုပျံ့ပြီးပစ်သွားတာ သူတို့(KPDF)တပ်ဖွဲ့တွေရဲ့ လက်နက်ကြီး၊လက်နက်ငယ်တွေက နေရာအနှံ့မှာကျတာ စာသင်ကျောင်းမှန်တွေလည်း ထိတယ် ရည်ရွက်ချက်ရှိရှိနဲ့ရွာထဲပစ်ဝင်တာ တိုက်ပွဲဖြစ်တဲ့နေရာကို လက်နက်ပစ်တာမဟုတ်ပဲ ရွာထဲကြီးလှည့်ပစ်ကြတာ”ဟု သူကပြောပြပါတယ်။
ပစ်ခတ်တဲ့လက်နက်ကြီးတွေဟာ မပေါက်ကွဲတဲ့ကျည်တွေများပြားခဲ့တာကြောင့် ထိခိုက်သူမရှိခဲ့ပေမယ့် နေအိမ်ခေါင်မိုးထိမှန်ခဲ့တာတွေတော့ ရှိခဲ့ကြတယ်လို့ သိရပါတယ်။
KPDF ပူးပေါင်းတပ်ဖွဲ့များက မိုးညှင်းမြို့နဲ့ဟိုပင်မြို့သွားလမ်းပေါ်ရှိ နန်းမားကျေးရွာအနီးရှိ နန့်စော်လော်ကျေးရွာတောင်ခြေတွေမှာ လှုပ်ရှားမှုရှိနေတာဖြစ်ပြီး စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတာ လအတန်ကြာရှိနေပြီလည်းဖြစ်ပါတယ်။
