မော်လူးမြို့ကို လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သား(၂) ဦး သေဆုံးဟုဆို 

မေ ၁၅ ၊ အင်းတော် 

 စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လူးမြို့ကို ပြီးခဲ့တဲ့ မေ(၁၂)ရက် နေ့လည်ပိုင်းအချိန်မှာ စစ်ကောင်စီမှ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား(၂)ဦးသေဆုံးခဲ့တယ်လို့ Indaw Revolution – IR ကထုတ်ပြန်ထားပါတယ်။

အရပ်သားအမျိုးသား (၂)ဦး သေဆုံးတာအပြင် အရပ်သား(၇)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့များက လေကြောင်းကနေ တံတားဦးမြို့နယ်ဘက်သို့ သွားရောက်မယ့် ဂျက်ဖိုက်တာ(၂)စီးနဲ့ ဗုံး(၃)လုံး ကြဲချခဲ့သလို Rocket (ဒုံးပျံ)များဖြင့်လည်း ပစ်ခတ်ခဲ့သေးကြောင်း ဆိုထားတာပါ။

စစ်ကောင်စီက ယာယီအပစ်ရပ်စဲရေးကြေညာထားပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်နဲ့ KIA ပူးပေါင်းတပ်ဖွဲ့များ သိမ်းယူထားတဲ့ မော်လူးမြို့အပြင် အင်းတော်မြို့ကိုလည်း အခုရက်ပိုင်းလေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိတ်စိတ်အသုံးပြုနေတာလည်း ဖြစ်ပါတယ်။

မနေ့က မေ(၁၄)ရက်နေ့ မနက်ပိုင်းအချိန်ကလည်း အင်းတော်မြို့အတွင်းကို ဝေဟင်ဗုံးကြဲချမှု ရှိခဲ့ပြီး ထိခိုက်ပျက်စီးမှုများကိုတော့ မသိရှိရကြောင်း အင်းတော်မြို့အနီးနေထိုင်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ 

ပြီးခဲ့တဲ့ မေလ(၁၃)ရက်နေ့ ISP Myanmar ရဲ့ ထုတ်ပြန်ခဲ့တဲ့စာတမ်းထဲမှာ ပြည်တွင်းအင်းအားကြီးငလျင်လှုပ်ခတ်ပြီးနောက် နိုင်ငံအနှံ့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်အရေအတွက် (၇၄၁)ကြိမ်ရှိခဲ့ပြီး အကြိမ်ရေရဲ့ ၉၀ ရာခိုင်နှုန်းဟာ ယာယီအပစ်ရပ်ကာလအတွင်း ပြုလုပ်ခဲ့တာလို့ ဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *