
အောက်တိုဘာ ၁၃ ၊ မိုးညှင်း
လာမယ့် ဒီဇင်ဘာမှာ ပထမအသုတ်ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းတွေဟာ မြို့နယ်တချို့ရဲ့ ကျေးလက်တွေမှာ ကပ်ထားနိုင်ခြင်းမရှိသေးကြောင်း စုံစမ်းသိရှိရပါတယ်။
မိုးညှင်းမြို့နယ်ဟာ ပထမအကြိမ်ရွေးကောက်ပွဲပြုလုပ်မယ့် စာရင်းထဲမှာ ပါဝင်နေပြီး မြို့နယ်ထဲပါဝင်တဲ့ အင်းတော်ကြီးမြို့ နဲ့ ကျေးရွာ ၃၀ ဝန်းကျင်မှာ မဲစာရင်းကပ်ထားနိုင်ခြင်းမရှိကြောင်းသိရပါတယ်။
“ အင်းတော်ကြီးကျတော့ နန့်မွန်း၊ မိုင်းနောင်၊ မမုန်ကိုင်၊ ရွှေလက်ပံ ၊ လယ်ပုံလေး အဲ့မှာပဲကပ်နိုင်သေးတယ်။ ကျန်တဲ့ ဟာတွေကမကပ်နိုင်သေးဘူး။ ကော်မရှင်ရုံးမှာပဲရှိနေတုန်း။ သွားမကပ်နိုင်သေးတာ” လို့ ကော်မရှင်နဲ့ နီးစပ်သူ တစ်ဦးကပြောပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက ရွေးကောက်ပွဲပြုလုပ်မယ့်မြို့ဖြစ်တဲ့ ဟုမ္မလင်းမြို့နယ်အတွင်းက ဥရုချောင်းရိုးတစ်လျှောက်မှာလည်း မဲစာရင်းတွေကပ်ထားခြင်းမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။
“ ကျွန်တော်တို့ရွာ နောင်ပူအောင်မှာကျတော့ လောလောဆယ် မဲပေးဖို့ထဲမှာ ကျွန်တော်တို့ရွာကစာရင်းထဲမပါသေးဘူးဗျ။ ပထမသုတ်မပါဘူးဆိုတဲ့သဘောပေါ့ဗျ” လို့ နောင်ပူအောင်ကျေးရွာခံ တစ်ဦးကပြောပြပါတယ်။
မဲစာရင်းမကပ်နိုင်တဲ့ကျေးရွာတွေမှာ လက်နက်ကိုင်တပ်တွေကြား စစ်ရေးတင်းမာမှုတွေရှိနေတယ်လို့ နားလည်ရပြီး တချို့ကျေးရွာဟာ တည်ငြိမ်မှုရှိနေတယ်လို့ စုံစမ်းသိရပါတယ်။
လာမယ့်နိုဝင်ဘာလထဲ ပြန်လည်ကြေညာမယ့် မဲစာရင်းတွေမှာ အခုကျန်ရှိနေတဲ့ ကျေးရွာတွေကို ကပ်နိုင်မယ်လို့ ယူဆကြောင်း ရွေးကောက်ပွဲနဲ့နီးစပ်သူတွေက ဆိုကြပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မဲစာရင်းကို စက်တင်ဘာလ ၃၀ ရက်နေ့ကနေ အောက်တိုဘာလ ၁၄ ရက်နေ့အထိကြေညာခဲ့တာဖြစ်ပါတယ်။
မဲဆန္ဒရှင်စာရင်းထဲက ကန့်ကွက်လွှာ၊ ပြင်ဆင်လွှာများ တင်ပြရာတွင် အချိန်ပိုမို ရရှိစေရန်ဆိုရပြီး အောက်တိုဘာ ၁၄ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ရွေးကောက်ပွဲကော်မရှင်က ထပ်မံတိိုးမြှင့်ထားတာဖြစ်ပါတယ်။
