
ဇွန်(၈)၊ အင်းတော်ကြီး
မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသရှိ KIA+PDFပူးပေါင်း တပ်ဖွဲ့များ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေက စာသင်ကျောင်းများမှာ ကျေးရွာကခန့်အပ်တဲ့ ဆွဲခန့်ဆရာ/မ အများစုနဲ့သာ စတင်ဖွင့်လှစ်သင်ကြားနေရတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
ကျေးရွာရပ်မိရပ်ဖနဲ့ ကျောင်းသားမိဘများကနေ လစာစုပေါင်းပေးဆောင်ခန့်အပ်ထားကြတာဖြစ်ပြီး အစိုးရကခန့်အပ်တဲ့ဆရာ/မများက ဝင်ရောက်လာခြင်း မရှိသလောက်ဖြစ်နေကြောင်း ဆိုကြပါတယ်။
“အစိုးရခန့်က လေးငါးယောက်ပဲကျန်ထားတာဒေသထဲ အရင်နှစ်တွေကတည်းကကျန်ထားတဲ့သူတွေပဲ တစ်ခြားဆရာ/မတွေက ရွာကဆွဲခန့်ထားတဲ့သူတွေကြီးပဲ ဆွဲခန့်ကိုအစိုးရကလစာမပေးဘူးလေ ရွာကစုပေးရတာ ပြီးရင်ဆွဲခန့်တွေက သင်တန်းတွေလည်းမတက်ထားရတော့ စာသင်ပြပေးတဲ့နေရာမှာ ကောင်းချင်လည်းကောင်းမယ် မကောင်းရင်လည်းမကောင်းဘူးပေါ့လေ မသေချာဘူး ကလေးတွေအတွက် ပညာရေးက စိုးရိမ်စရာရှိတယ် မကောင်းနေဘူးပေါ့လေ အခုအချိန်က” ဟု အင်းမြှီးဒေသအတွင်း နေထိုင်သူကျောင်းသားမိဘတစ်ဦးက အခုလိုပြောပါတယ်။
အခုနှစ်ကျောင်းဖွင့်ရာသီမှာ ဆရာ/မများစေလွှတ်ပေးမယ်လို့ မြို့နယ်ပညာရေးမှူးများ၊အာဏာပိုင်အသီးသီးနဲ့ ရပ်မိရပ်ဖများက ညှိနှိုင်းထားမှုတွေရှိခဲ့ပေမယ့် ဒေသတွင်းကို တစ်ဦးနှစ်ဦးခန့်သာ ရောက်ရှိခဲ့ခြင်းရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့နှစ်တွေက စာသင်ကြားခဲ့ရာမှာလည်း အတန်းတင် စာမေးပွဲနဲ့ လပတ်စာမေးပွဲ ဖြေဆိုခြင်းများလည်း ပြုလုပ်ခဲ့ခြင်းမရှိခဲ့ဘဲ အစိုးရမေးခွန်းလွှာများမရောက်ရှိခြင်းနဲ့ မေးခွန်းထုတ်နိုင်ခြင်းမရှိမှုတွေကြောင့်လို့ ကျောင်းသူ/သားများနဲ့ ဒေသတွင်းဆရာ/မများထံက ဆိုကြပါတယ်။
“အင်းတော်ကြီးဒေသထဲက ကလေးတွေအကုန်လုံးတော့ မိုးညှင်း၊ဟိုပင်တွေမှာ လာမထားနိုင်ကြဘူးလေ အချို့အဆင်ပြေတဲ့သူအနည်းအကျဉ်းပဲထားနိုင်ကြတာ ဒီကနေ ဆရာ/မတွေမဝင်သွားရင် ဘယ်သူတွေကသင်ပေးကြမှာလဲ လွှတ်ပေးဖို့ကိုဆင်ခြင်ချိန်ဆရမယ်ဆိုတဲ့နေရာမှာလည်း အင်းတော်ကြီးဒေသခံတွေအတွက်မကောင်းနေဘူးပေါ့လေ ကလေးတွေဆိုလေ စာလည်းသေချာမသင်ရဘူး အသက်ကလည်းကြီးလာကြပြီ”ဟု ဒေသခံတစ်ဦးက ဆိုပါတယ်။
အင်းတော်ကြီးအင်းမြှီးဒေသများကနေ မြို့ပေါ်သို့ ခရီးသွားလာလိုပါကလည်း လမ်းပိုင်းတွေအဆင့်ဆင့်ပိတ်ပင်ထားမှုကြောင့် ယခင်နာရီပိုင်းမျှသာရောက်ရှိနိုင်ရာကနေ ညအိပ်ညနေနဲ့ နာရီပေါင်းကြာမြင့်စွာ အသွားအပြန်ခရီး(၁၀)သိန်းနီးပါးကုန်ကျကာ ရေလမ်းခရီးဖြင့် သွားလာနေရတာလည်း ဖြစ်ပါတယ်။
