
ဇွန်(၁၀)၊ နေပြည်တော်
နိုင်ငံတစ်ဝန်းက ဒေသအသီးသီးမှာ တရားမဝင်ရွှေတူးဖော်မှုတွေ လုပ်ဆောင်မှုတွေကို တားဆီးဟန့်တားနိုင်ရန်အတွက် ဒေသခံမည်သူမဆို သတင်းပေးပို့တိုင်ကြားနိုင်တယ်လို့ ဦးမင်းအောင်လှိုင်က မနေ့က ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောလာပါတယ်။
ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ဖို့နဲ့ ရေကြီးရေလျှံမှုတွေမဖြစ်ပေါ်စေဖို့ ရွှေတူးဖော်ရေးလုပ်ငန်းတွေကို အာဏာပိုင်တာဝန်ရှိသူအသီးသီးက ထိထိရောက်ရောက်အရေးယူဖို့လိုအပ်နေပြီဖြစ်ကြောင်း သူကဆိုပါတယ်။
စစ်တပ်က အပြည့်အဝထိန်းချုပ်နိုင်ခြင်းမရှိတဲ့ဒေသတွေမှာ အခုနှစ်ပိုင်းတွင် အလွန်အကျူးရွှေတူးဖော်မှုတွေပြုလုပ်လာပြီး အခြေအနေဆိုးဝါးနေတယ်လို့ သူက ပြောထားပါတယ်။
ဒီလုပ်ငန်းကြောင့် မြစ်ချောင်းတွေတိမ်ကောတာ ၊နှုံးများခြင်းနဲ့ ရေစီးကြောင်းပျက်စီးခြင်းတွေလည်းဖြစ်ပေါ်နေတောကြောင့် ရွှေတူးဖော်မှုကိုတားဆီးဖို့အပြင် ရေတွေကို စနစ်တကျသိုလှောင်တာဖို့တွေလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ရွှေတူးဖော်မှုတွေဟာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေမှာ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ အဆမတန်မြင့်တက်လာနေသလို ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ် နဲ့ တခြားသော မြစ်ချောင်းများစွာမှာ တူးဖော်နေကြတာလည်းဖြစ်ပါတယ်။
ရွှေတူးဖော်မှုတွေကြောင့် ရေအရင်းအမြစ်တွေ ဆုံးရှုံးမှုတွေအပြင် ရေသယံဇာတကို သိုလှောင်ထားနိုင်ဖို့ မြေအောက်တမံများတည်ဆောက်ပြီး လျှပ်စစ်ဓာတ်များစွာထုတ်လုပ်နိုင်ဖို့ ဆောင်ရွက်နေတာတွေကိုလည်း ကန့်ကွက်မှုတွေရှိနေတာကြောင့် ဓာတ်အားထုတ်လုပ်ခြင်းစီမံကိန်းကြီးတွေ နှောင့်နှေးနေရတယ်လို့ ထည့်သွင်းပြောပါတယ်။
မြစ်ကြီးနားမြို့အနီးက တရုတ်နိုင်ငံကဦးဆောင်တဲ့ ဧရာဝတီမြစ်အတွင်းက မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ဒေသအတွင်းမှာ ကန့်ကွက်ဆန္ဒပြမှုတွေ ရှိခဲ့ပေမယ့် အခုအကောင်အထည်ဖော်စတင်တည်ဆောက်နေခြင်းများ ပြုလုပ်နေတာကို တွေ့နေရပါတယ်။
