ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီအားလုံး လူထုထောက်ခံမှုမရှိတဲ့ပါတီများသာ ဖြစ်တယ်လို့ NUG ဆို

ဇူလိုင် ၂ ၊ ချင်းမိုင် 

နှစ်ကုန်ပိုင်းမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ ပါတီမှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီအားလုံးဟာ လူထုထောက်ခံမှုမရှိတဲ့ ပါတီများသာ ဖြစ်တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)က ဆိုပါတယ်။

ဒီနှစ်မှာပါဝင်ရွေးကောက်ခံမယ့် ပါတီအားလုံးရဲ့ ရာခိုင်နူန်းကို စုစည်းတွက်ချက်ပါက  ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စုလွှတ်တော်နေရာ (၁၀)ရာခိုင်နူန်းပင် အနိုင်ရရှိခဲ့ခြင်းမရှိကြောင်း ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်းအစီအစဉ်မှာ NUG ရဲ့ပြောရေးဆိုခွင့်ရှိသူ နေဘုန်းလတ်က ဇူလိုင်လအစ(၁)ရက်နေ့မှာ ပြောထားတာပါ။

“တရားမဝင် အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုပြီး မှတ်ပုံတင်ထားကြတဲ့ နိုင်ငံရေးပါတီတွေဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပါတီအားလုံးပေါင်းရင်တောင် ပြည်ထောင်စုလွှတ်တော်နေရာ ၁၀ ရာခိုင်နှုန်းပြည့်အောင် အနိုင်မရရှိခဲ့ကြတဲ့ လူထုထောက်ခံမှုမရှိတဲ့ နိုင်ငံရေးပါတီတွေဖြစ်ပါတယ်။” 

ဒါ့အပြင် လူထုထောက်ခံမှုရှိခဲ့တဲ့ နိုင်ငံရေးပါတီတွေကိုတော့ နည်းလမ်းအမျိုးမျိုးဖြင့်ဖိနှိပ်ထားသလို စစ်ကောင်စီဟာ ရွေးကောက်ပွဲကျင်းပပိုင်ခွင့်မရှိပဲ ၂၀၂၀ ရွေးကောက်ပွဲရလဒ်က တရားဝင်တည်ရှိနေဆဲဖြစ်ပြီး ဥပဒေပြုရေးမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်တွေလည်း အခိုင်အမာတည်ရှိနေဆဲဖြစ်တယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီကျင်းပမယ့် ပါတီစုံရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ မှတ်ပုံတင်ရရှိထားပြီး ပါတီ(၅၆)ပါတီရှိထားတာလည်း ဖြစ်ပါတယ်။ 

မကြာသေးမီ ဇွန်လ(၂၅)ရက်ကနေ သုံးရက်တာကျင်းပပြီးစီးခဲ့တဲ့ Peace forum ဆွေးနွေးပွဲမှာ  ယခုနှစ်ဒီဇင်ဘာလမှာကျင်းပမယ့်ရွေးကောက်ပွဲအကြောင်းကိုဦးစားပေးဆွေးနွေးခဲ့ကြတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *