
ဇွန် ၂၀ ၊ မိုင်းပေါက်
‘ဝ’ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ဒေသဖြစ်တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယန်းမြို့နယ်ရှိ မိုင်းပေါက်မြို့မှာ မြေရှားသတ္တုတွင်း (၂၆)ခုအထိ ရှိလာနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF)က ယမန်နေ့ဇွန်လ(၁၉)ရက်မှာ ထုတ်ပြန်လာပါတယ်။
ဒီမြေရှားသတ္တုတူးဖော်တဲ့တွင်းတွေဟာ ဆယ်စုနှစ်တစ်ခုအတွင်းမှာ (၈)ဆအထိတိုးများလာတာဖြစ်ပြီး ၂၀၁၅ ခုနှစ်က မိုင်းပေါက်ဒေသမှာ (၃)ခုသာရှိခဲ့ကာ ယခု (၂၀၂၅)ခုနှစ်အစ ဖေဖော်ဝါရီလအထိ သတ္တု(၂၆)တွင်းဟာ မြို့ရဲ့တောင်ကုန်းများတစ်လျှောက် ပျံ့နှံပေါ်ထွက်လာတာကို ဂြိုလ်တုကနေ တွေ့မြင်ရတယ်လို့ ဆိုပါတယ်။
အဆိုပါသတ္တုတွင်းတွေထဲက တွင်း(၃)ခုမှာ မြို့နှင့် (၄)ကီလိုမီတာခန့်သာ ကွာဝေးနေသလို လယ်ယာမြေများကိုဖြတ်သန်းနေတဲ့ ချောင်းဘေးတွေမှာတည်ရှိနေတာကြောင့် မြေအောက်ရေအရင်းအမြစ်တွေညစ်ညမ်းသွားပြီး ဒေသခံတွေရဲ့ကျန်းမာရေးကို ခြိမ်းခြောက်နေကြောင်း သိရပါတယ်။
မိုင်းပေါက်ဒေသက မြေရှားသတ္တုတွင်းတွေဟာ အရှေ့ပိုင်းရှမ်းပြည်နယ်ရဲ့ အဓိကမြစ်ဝှမ်းနှစ်ခုဖြစ်တဲ့ သံလွင်မြစ်နှင့် မဲခေါင်မြစ်ဝှမ်းတို့ကြားမှာ ရှိနေသလို ဒီတူးဖော်မှုတွေဟာလည်း တရုတ်-မြန်မာနယ်စပ်မှာရှိနေတာကြောင့် တရုတ်အစိုးရနဲ့ ‘ဝ’တပ်ဖွဲ့တို့ရဲ့ နှစ်ဦးသဘောတူ စပ်တူလုပ်ကိုင်နေကြတာလည်းဖြစ်ပါတယ်။
မြေရှားသတ္တုတူးဖော်တဲ့ပုံစံမှာ တောတောင်များရှိ သစ်ပင်များကို ခုတ်ထွင်ရှင်းလင်းကာ အပေါက်ဖောက်လုပ်၍ ဓာတုဆေးရည်များလောင်းထည့်ရတာကြောင့် သစ်တောများမရှင်သန်နိုင်ပဲ သဘာဝပတ်ဝန်းကျင်ပျက်စီးတာအပြင် ဆေးရည်တွေကမြစ်ထဲ(သို့)ချောင်းမြောင်းများသို့ စီးဝင်ကာ ဒေသခံများနဲ့ ရေနေသတ္တဝါများအဆိပ်သင့်ကြပါတယ်။
၎င်းတို့ (UWSA)ထိန်းချုပ်တဲ့ ထိုင်း-မြန်မာနယ်စပ် မိုင်းဆတ်မြို့နယ် ၊မိုင်းယွန်းဒေသမှာလည်း ယခုလိုမြေရှားတူးဖော်မှုတွေရှိနေပြီး လူဦးရေတစ်သန်းအပေါ် ကျန်းမာရေးဆိုင်ရာပြဿနာတွေ ရှိလာနေကြောင်း ပြီးခဲ့တဲ့မေလကမှာ SHRF က ပြောဆိုထားဖူးပါတယ်။
