KIA+PDF ထိန်းချုပ်တဲ့ အင်းတော်ကြီးဒေသသို့ ဆရာ/မများစေလွှတ်ရေးကို ချင့်ချိန်ဆောင်ရွက်ပေးဖို့   ရှမ်းရေးရာအဖွဲ့ တောင်းဆို

ဇွန် ၂၊ အင်းတော်ကြီး

အင်းတော်ကြီးဒေသ KIA+PDF ထိန်းချုပ်နယ်မြေအတွင်း တာဝန်ထမ်းဆောင်နေသော  အစိုးရကခန့်အပ်တဲ့ ဆရာ/မများရဲ့ လုံခြုံရေးအခြေအနေကို ချင့်ချိန်ဆောင်ရွက်ပေးဖို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ မြောက်ပိုင်းတိုင်း တိုင်းမှူးတွေထံကို  ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က တောင်းဆိုစာပို့ထားတယ်လို့ သိရပါတယ်။ 

မနေ့က ဇွန်လ ၁ ရက်နေ့မှာ  တင်ပြခဲ့တာဖြစ်ပြီး စာထဲမှာ  ရှမ်းတိုင်းရင်းရေးရာဝန်ကြီး၊ ခရိုင်၊ပြည်နယ်နဲ့ မြို့နယ် ပညာရေးမှူးတို့ကိုလည်း  မိတ္တူပေးပို့ တင်ပြထားပါတယ်။ 

“ KIA ထိန်းချုပ်ထားတဲ့နေရာကို လက်ရှိပညာရေးဝန်ကြီးဌာနက အဲဒီဆရာမတွေသွားခိုင်းတာ သွားလိုက်ရင်အဖမ်းခံရနိုင်တယ်လေ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ရှမ်းရေးရာကတစ်ဆင့် ပြည်နယ်ပညာရေးဌာနကို ဒါကိုချင့်ချိန်ပေးဖို့ပေါ့ စဉ်းစားပေးဖို့ပေါ့ သွားလိုက်ရင်ဟိုမှာ အစိုးရအုပ်ချုပ်ထားတာ မဟုတ်ဘူးလေ” လို့ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ဝင်တစ်ဦးက အခုလိုပြောပြပါတယ်။

စာသင်ကျောင်းမှာ ယခင်နှစ် စာသင်နှစ်တွေအတွင်း ဒရော့ဗုံးတွေနဲ့  တိုက်ခိုက်ခံခဲ့ရတဲ့ဖြစ်စဉ်တွေရှိခဲ့တာကြောင့် အခုလိုတောင်းဆိုမှုတွေပြုလုပ်ရတာဖြစ်တယ်လို့ သိရပါတယ်။

အခုနှစ်မှာတော့  အင်းတော်ကြီးဒေသအတွင်းရှိ အင်းအရှေ့ကမ်းကျေးရွာတွေဖြစ်တဲ့ ဟဲပု၊ဟဲပါး၊ဆနွင်းကုန်း၊အင်းသာကလွဲပြီး ကျန်စာသင်ကျောင်းများအားလုံးကို ပြီးခဲ့တဲ့နှစ်ကလိုပဲ ဖွင့်လှစ်ပေးသွားမှာဖြစ်တယ်လို့ မြို့နယ်ပညာရေးမှူးနဲ့နီးစပ်သူများထံမှ သိရပါတယ်။

KIA+PDF ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်ပေမယ့် ကျောင်းသား/သူတွေနဲ့ ဆရာ/မတွေရဲ့ ပညာသင်ကြားမှုနဲ့ပတ်သတ်ပြီး  ရပ်ရွာနဲ့ KIA+PDF တပ်တို့ကြား အနှောက်အယှက်မပြုဖို့ ညှိနှိုင်းထားတယ်လို့ ဒေသခံတွေက ရှမ်းနီအသံကို ပြီးခဲ့တဲ့ မေလအတွင်းမှာပြောဆိုထားပါတယ်။ 

ပြီးခဲ့တဲ့ နှစ်က KIA + PDF တို့ထိန်းချုပ်ထားတဲ့ အင်းတော်ကြီးဒေသအရှေ့ဘက်ကမ်း ကျေးရွာများရှိစာသင်ကျောင်းများမှာ CDM ဆရာ/ဆရာမတွေနဲ့ ကျောင်းဖွင့်လှစ်ခဲ့တာလည်းရှိသလို ကျေးရွာဆွဲခန့်ဆရာ/မများလည်းရှိနေတာကြောင့် ဒေသခံများကစုပေါင်းပြီး လစာထောက်ပံ့ပေးဆောင်နေရတာလည်းဖြစ်ပါတယ်။ 

အင်းတော်ကြီးဒေသမှာ အ.ထ.ကကျောင်း (၁၀) ကျောင်း ၊ အ.လ.က  ကျောင်း (၉) ကျောင်း နဲ့ မူလတန်း ၊ မူလတန်းကြိုကျောင်းတို့အပါအဝင် စုစုပေါင်း( ၅၉) ကျောင်းရှိထားပြီး အများစုကို ပြန်လည်ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။ 

နန့်မွန်းမြို့နဲ့ မိုင်အနည်းငယ်သာကွာဝေးတဲ့ ဟဲပု၊ဟဲပါး၊ဆနွင်းကုန်း၊အင်းသာကျေးရွာတို့မှာတော့ ကျေးရွာဒေသခံများပြန်လည်ဝင်ရောက်နေထိုင်ခြင်းများမရှိခြင်းနဲ့ နယ်မြေတည်ငြိမ်မှုကိုစိုးရိမ်ရခြင်းတို့ကြောင့် ဒီစာသင်ကျောင်းများကို ဖွင့်လှစ်ပေးခြင်းမရှိတာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *